Photo – Google/Social Media
ဇူလိုင်၊ ၃
ဒီကနေ့မနက်အစောပိုင်းကတည်းကတိုက်ပွဲတွေဖြစ်နေတဲ့လားရှိုးမှာ မြို့တွင်းကနေအိမ်တလုံးပေါ်လက်နက်ကြီးကျလို့ မိသားစုဝင် ခြောက်ဦးသေဆုံးသွားတယ်လို့ဒေခံတွေဆီကသိရပါတယ်။
“မြို့နဲ့ မိုင်နှစ်ဆယ်ပတ်လည်လောက်မှာ (တိုက်ပွဲ) ဖြစ်တယ်ကြားတယ်၊ အဲလိုကနေ အပစ်အခတ်ဖြစ်နေတယ်ဆိုတော့ မြို့ထဲကို တလုံးတလေကျတာပေါ့” လို့ လားရှိုးမြို့ခံ ကားဆရာတဦးက ပြောပါတယ်။
လားရှိုးမြို့ ရပ်ကွက်(၁)ကနေအိမ်တလုံးပေါ် လက် နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး နေအိမ်မှာရှိနေတဲ့ မိခင်သက်ကြီးအမျိုးသမီး၊သားနှစ်ဦး၊ချွေးမတဦးနဲ့ မြေးနှစ်ဦး နေရာမှာပဲသေဆုံးခဲ့တာလို့သိရပါတယ်။
အဲ့ဒီလက်နက်ကြီးကျည်ကို ဘယ်ဘက်က ပစ်ခတ်တယ်ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်းမသိရသေးပါဘူး။
တိုက်ပွဲတွေပြင်းထန်နေတာကြောင့် လားရှိုးမှာဒီကနေ့ ဇူလိုင် ၃ ရက်အတွက် တရက်တာ လေ ကြောင်းခရီးစဥ်တွေလည်း ဖျက်သိမ်းထားရတယ်လို့ သိရပါတယ်။
“မနက် လေးနာရီလောက်ကဖြစ်သွားတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ဒီနေ့မှာထွက်တဲ့ ခရီးစဥ်တွေ အကုန်လုံးကို ခဏဖျက်သိမ်းထားတဲ့ ပုံစံမျိုးပါ” လို့ လေယာဥ်လက်မှတ်ရောင်းချနေသူ ကိုယ်စားလှယ်တဦးက DNA ကို ပြောပါတယ်။
လားရှိုးမြို့နဲ့ အနီးတဝိုက်မှာ ဇူလိုင် ၂ရက်၊ မနေ့ကတည်းက စစ်ကောင်စီတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲစဖြစ်ခဲ့ကြပြီးဒီကနေ့ မနက်ပိုင်းမှာတော့ လာရှိုးမြို့ထဲထိပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ရှိနေတာပါ။
နောက်ရက်တွေအတွက်လားရှိုး လေကြောင်းခရီး စဥ်လေယာဥ်လက်မှတ်ရောင်းချတာတွေ ဆက်ရှိနေပြီး အဲဒီခရီးစဥ်တွေအတွက်တော့ အတိအကျမသိရသေးပါဘူး။
“ရန်ကုန်ကနေ လားရှိုးပဲဖြစ်ဖြစ်၊ လားရှိုးကနေ မန္တလေးပဲဖြစ်ဖြစ်၊ လားရှိုးနဲ့ ဆက်စပ်တဲ့ ခရီးစဥ်တွေအကုန်လုံးကို ခရီးစဥ်ဖျက်သိမ်းထားတာပါ” လို့ အထက်ပါ လက်မှတ်ကိုယ်စားလှယ်က ဒီနေ့အခြေအနေကို ပြောပါတယ်။
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ မနှစ် အောက်တိုဘာလ ၂၇ ရက်ကလည်း လားရှိုးလေဆိပ်ကို ယာယီပိတ်ထားခဲ့ရပြီး ငါးလလောက်အကြာ အခုနှစ် မတ်လအတွင်းကမှ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
လက်ရှိ လားရှို့မြို့မှာတော့ မြို့အဝင်အထွက် ဂိတ်တွေကိုလည်း ပိတ်ထားပြီး မြို့ခံတွေလည်း မြို့ပြင် ထွက်မရဘူးလို့သိရပါတယ်။
“(မြို့ထဲမှာတော့) အလုပ်ကိစ္စရှိတဲ့လူတွေတော့ သွားနေလာနေကြတာပဲ၊ အရင်လိုတော့ စည်စည်ကားကားကြီးမဟုတ်တော့ဘူးပေါ့၊ မြို့တွင်းနဲ့ မြို့ပြင်ကိုပဲ ဂိတ်တွေက ပိတ်ထားတာ” လို့လည်းအထက်ပါ ကားဆရာက ပြောပါတယ်။
ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းထိစပ်မြို့နယ်တွေမှာ ဇွန် ၂၅ရက်ကစလို့ TNLA ပူးပေါင်းတပ်တွေရဲ့ထိုး စစ်တွေပေါ်ပေါက်လာခဲ့ပြီး ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ်ဖော်ပြပါတယ်။
MNDAA နဲ့ပူးပေါင်းတပ်တွေ လှုပ်ရှားမှုရှိတဲ့ လားရှိုးမြို့နယ်ထဲမှာတော့ ဇွန်လ ၂၉ရက်က တိုက်ပွဲပြန်ဖြစ်ခဲ့တာရှိပါတယ်။
အဲ့ဒီတိုက်ပွဲဟာစစ်ကောင်စီဘက်ကစတင်ထိုးစစ်ဆင်တာလို့လည်း MNDAA ကထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ဟိုင်ဂင်သဘောတူညီချက်ကိုချိုးဖောက်ပြီး ထိုးစစ်ဆင်လာတာတွေ လုပ်လာတာကြောင့် ရှမ်းမြောက်မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း MNDAA ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။