3D hologram နည်းပညာပါတဲ့ ငွေစက္ကူအသစ်တွေကို ဂျပန်မှာ စတင်ဖြန့်ဝေ

ဇူလိုင်၊ ၃

ဂျပန်မှာ အသစ်ထုတ်ဝေမယ့် ငွေစက္ကူတွေဟာ အတုပြုလုပ်မှုတွေကို ကာကွယ်ဖို့အတွက် သုံးဖက်မြင် 3D hologram နည်းပညာကို ထည့်သွင်း ဖန်တီးထားကြောင်း သိရပါတယ်။

ဇူလိုင် ၃ ရက်နေ့မှာ ဂျပန်ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ငွေစက္ကူ အသစ်တွေကို စတင် ဖြန့်ဝေခဲ့ပါတယ်။ အဲဒီ ငွေစက္ကူတွေမှာ ဂျပန်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ထင်ရှားတဲ့ ဘဏ္ဍာရေးနဲ့ ပညာရေးဆိုင်ရာ ခေါင်းဆောင်တွေရဲ့ ပုံတွေကို 3D hologramနဲ့ ထည့်သွင်း ရိုက်နှိပ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ငွေစက္ကူတွေပေါ်က လူပုဂ္ဂိုလ်တွေရဲ့ ပုံတွေကို မတူညီတဲ့ ရှုထောင့်တွေကနေ ကြည့်တဲ့အခါ ကွဲပြားတဲ့ ပုံရိပ်တွေ အနေနဲ့ တွေ့ရမှာပါ။ ဂျပန် အမျိုးသား ပုံနှိပ်ဗျူရိုက ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး hologramနည်းပညာသုံး ငွေစက္ကူတွေ ဖြစ်လာတယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

အသစ်ထုတ်ဝေမယ့် ယန်း ၁၀၀၀၀ တန်တွေမှာ ဂျပန်ရဲ့ ပထမဆုံး ဘဏ်နဲ့ စတော့အိတ်ချိန်း ထူထောင်သူ အီချီ ရှီဘူဆာဝါရဲ့ပုံ၊ ယန်း ၅၀၀၀ တန်မှာ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီး တက္ကသိုလ် ထူထောင်သူ ယူမီကို ဆူဒါ၊ ယန်း ၁၀၀၀ တန်မှာတော့ ထိပ်တန်း ဆေးသိပ္ပံ ပညာရှင် တဦးဖြစ်ခဲ့တဲ့ ရှီဘာဆာဘူရို ကီတာဆာတို့ရဲ့ ပုံတွေကို hologram နည်းပညာ အသုံးပြုပြီး ရိုက်နှိပ်ထားတာ တွေ့ရပါတယ်။

ဂျပန်မှာ အစိုးရက ငွေစက္ကူတွေ အသုံးပြုမှုအစား ဒစ်ဂျစ်တယ် ငွေကြေးစနစ်တွေကို ပြည်သူတွေ ပိုမို ထိတွေ့သုံးစွဲဖို့ တွန်းအားပေးနေခြင်းကြောင့် ခေါက်ဆွဲဆိုင်တွေ၊ ရထားဘူတာတွေ၊ ကားပါကင်တွေမှာပါ ဒစ်ဂျစ်တယ် ငွေပေးချေမှုကို လက်ခံဆောင်ရွက်နိုင်မယ့် စနစ်တွေ အဆင့်မြှင့် တပ်ဆင်နေရပါတယ်။

တဖက်မှာတော့ ငွေစက္ကူ ကိုင်ဆောင်ပြီး သုံးစွဲရတာကို ခုံမင်နေသူတွေ၊ အလိုအလျောက် ငွေထုတ်စက် (ATM)တွေအတွက် လုံခြုံရေး နည်းပညာ ပိုမြင့်တဲ့ ငွေစက္ကူ အသစ်တွေကို ရိုက်ထုတ်ဖို့ အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။ ငွေကြေးဌာန အာဏာပိုင်တွေက အခု ဘဏ္ဍာရေး နှစ်ကုန်ထိ ဒီဇိုင်းသစ်၊ နည်းပညာသစ် ငွေစက္ကူ ရွက်ရေ ၇.၅ ဘီလီယံ ရိုက်ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီ ငွေကြေးတွေဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလထိ စာရင်းအရ ယန်း ၁၂၅ ထရီလီယံ တန်ဖိုးရှိတဲ့ ငွေစက္ကူ ရွက်ရေ ၁၈.၅ ဘီလီယံနဲ့ ပေါင်းစည်းသွားမှာပါ။

အစိုးရရဲ့ အဆိုအရ နိုင်ငံအနှံ့မှာ ရှိနေတဲ့ ဘဏ်တွေရဲ့ ATM စက်တွေ၊ ရထားလက်မှတ်ဖြတ်တဲ့ စက်တွေနဲ့ စတိုးဆိုင်တွေက ငွေရေစက်တွေ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဒီဇိုင်းသစ် ငွေစက္ကူတွေကို လက်ခံကိုင်တွယ်ဖို့ အသင့်ရှိနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ ကားပါကင် လက်မှတ်ဖြတ်စက်တွေနဲ့ စားသောက်ဆိုင်တွေ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကသာ အဲဒီအတွက် အဆင်သင့် ဖြစ်နေပြီး စနစ်ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။  

Ref: Reuters