ဖမ်းမိထားတဲ့ သုံ့ပန်းတွေနဲ့မိသားစုဝင်တွေကို အသက်အန္တရာယ်အာမခံကြောင်း MDY-PDFက တွေ့ဆုံရှင်းပြ

Photo- MDY-PDF

ဇူလိုင်၊ ၂

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက လေကြောင်းရန်ကာကွယ်ရေးတပ်၊ အင်ကြင်းမြိုင်စခန်းသိမ်းတိုက်ပွဲမှာ ဖမ်းမိ သူတွေ၊ လက်နက်ချသူတွေနဲ့ တပ်မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်ကို အာမခံတယ်လို့ MDY-PDF တပ်ဖွဲ့ရဲ့ ကွပ်ကဲရေးမှူး ကိုဖြိုးက တွေ့ဆုံပြောဆိုခဲ့ပါတယ်။

အဲ့ဒီတပ်စခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို MDY-PDF က ဒီကနေ့ ဖော်ပြခဲ့ပြီး ရုပ်သံဖိုင်အတွင်း မှာတော့ တိုက်ပွဲမျတ်တမ်းတချို့၊စစ်ကောင်စိတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေ လက်နက်ချနေကြတာ၊PDF တပ်ဖွဲ့ တာဝန်ရှိသူက တွေ့ဆုံရှင်းပြနေတာတွေပါဝင်ပါတယ်။

“ခင်ဗျားတို့ကို လုံးဝသတ်တာဖြတ်တာ၊ နှိပ်စက်တာ ကျွန်တော်တို့လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံတကာ စစ် စည်းမျဉ်းစည်းကမ်းတွေ၊ သုံ့ပန်းတွေကိုဖမ်းမိရင်လုပ်ရတဲ့စစ်ဥပဒေတွေအဲ့ဒီဥပဒေတွေအတိုင်းစည်းမျဉ်းစည်းကမ်း တွေအတိုင်းကျွန်တော်တို့ခင်ဗျားတို့ကိုဆက်ဆံမယ်”လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို MDY-PDF ကွပ်ကဲရေးမှူး ကိုဖြိုးက ပြောပါတယ်။

အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် မတ္တရာမြိုနယ်ထဲက လက်ရှိတိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိသူနဲ့ လက်နက်ချ သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄ဦးနဲ့  ကလေး၊သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေလည်းပါဝင်တဲ့ တပ်မိသားစုဝင် ၁၁၇ဦးကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ MDY-PDF က ဒီကနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန်ထားပါသေး တယ်။

အင်ကြင်းမြိုင်စခန်းက တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာတော့ ပြန်လွှတ်ပေးလို့ရနိုင်တဲ့အခြေအနေရှိရင် လွှတ်ပေးမယ့်အကြောင်း ကွပ်ကဲရေးမှူးကိုဖြိုးကပြောတာတွေ့ရပါတယ်။

“သွေးဆာလို့လူတွေကိုသတ်ချင်ဖြတ်ချင်လို့ ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတာမဟုတ်ဘူး။ဒါအားလုံးသိ ရမယ်။ စစ်အာဏာရှင်စနစ်ကိုတိုက်တာ၊လူကိုတိုက်တာမဟုတ်ဘူး။ပြန်လွှတ်လို့ရနိုင်မယ်ဆိုရင် ကျွန်တော်တို့ အကုန်လုံးကောင်းကောင်းမွန်မွန်ပြန်လွှတ်ပေးမယ်နော်”လို့ သူကဆိုပါတယ်။

MDY-PDF ဘက်က ထုတ်ပြန်လာတဲ့ ရုပ်သံဖိုင်အရ စစ်ကောင်စီစခန်းထဲကနေ တပ်မိသားစုဝင်တွေထွက်လာကြ ချိန်မှာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကလေးတွေလည်းရှိနေတာတွေ့သွားပြီး စောစောလက်နက်ချသင့်တယ်လို့ လက်နက်ချစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြောဆိုနေတာတွေ့ရပါတယ်။

“ခင်ဗျားတို့မိုက်လိုက်တာဗျာ၊ကလေးတွေနဲ့ခံပစ်ရလား”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောတာကို  ရုပ်သံ ဖိုင်ထဲမှာကြားရပါတယ်။

နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း “ခင်ဗျားတို့ အေးအေးဆေးဆေးလက်နက်ချရင် ကျွန်တော်တို့ ကျည်တောင်ကုန်စရာမလိုဘူး”လို့ပြောဆိုခဲ့ပြီး ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဆေးကုသပေးဖို့ သယ် ထုတ်နေတာကိုလည်းတွေ့ရပါတယ်။

MDY-PDF တပ်ဖွဲ့ဟာ ရှမ်းမြောက်နဲ့ မန္တလေးအစပ်မြို့နယ်တွေမှာ ဇွန်လ ၂၅ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတိုက်ပွဲတွေအတွင်း TNLA ပူးပေါင်းတပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေသလို မတ္တရာနယ်ထဲမှာလည်း ဒေသခံတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ မတ္တရာမျိုးမှန်၊ SSTF တပ်ဖွဲ့တို့နဲ့အတူ စစ်ကောင်စီစခန်းတွေကိုတိုက် ခိုက်သိမ်းပိုက်နေပါတယ်။

တပတ်ဝန်းကျင်ကာာ တိုက်ပွဲတွေအတွင်း မတ္တရာမြို့နယ်ထဲက စစ်စခန်းရှစ်ခုကို သိမ်းပိုက်ထားပြီး အဲ့ဒီအထဲမှာ မန္တလေးမြို့နဲ့ မိုင်နှစ်ဆယ်လောက်သာဝေးတဲ့ Alpha ဘိလပ်မြေစက်ရုံအနီး စိုးမိုးကုန်းတခုပေါ်က စစ်ကောင်စီ စခန်းလည်းပါဝင်ပါတယ်။

၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတအာင်းတပ် TNLA ဘက်က ဒီကနေ့ညနေစစ်ရေး ထုတ်ပြန်ချက်အရတော့ ဒီကနေ့ မနက်ဆယ်နာရီလောက် ကနေ ညနေ လေးနာရီအထိ နောင်ချိုအခြေစိုက် ၆၀၆ ဒုံးတပ်ရင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ က လေ ကြောင်း၊လက်နက်ကြီးပစ်ကူပေးခဲ့တဲ့အပြင် လက်နက်ခဲ ယမ်းတွေလည်းလေကြောင်းကပဲ ထောက်ပို့ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့ပြင်မှာရှိတဲ့ စစ်ကောင်စီ ခမရ ၅၀၁နဲ့ ၅၀၂ တို့မှာလည်း ဒီကနေ့မနက်ခြောက်နာရီက တိုက်ပွဲဖြစ်ခဲ့သလို မိုးမိတ်မြို့နယ်မှာတော့ စစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်ခဲ့တယ်ရှိတယ်လို့ သိရပါတယ်။