ဂါဇာရဲ့ အကြီးဆုံး ဆေးရုံရဲ့ ဆေးရုံအုပ်ကို လအတော်ကြာ ဖမ်းဆီးထားရာကနေ အစ္စရေး ပြန်လွှတ်ပေး

ဇူလိုင်၊ ၂

ဂါဇာ ကမ်းမြှောင်ဒေသမှာရှိတဲ့ အကြီးဆုံး ဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကို အစ္စရေးတပ်တွေ လအတော်ကြာ ဖမ်းဆီးထားရာက ပြန်လွှတ်ပေးလိုက်ပါတယ်။ 

ဒေါက်တာ မိုဟာမက် အဘူ ဆယ်လ်မီယာဟာ ဇူလိုင် ၁ ရက်နေ့က အစ္စရေးရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ အစ္စရေးရဲ့ ထိန်းသိမ်းမှုကို ၇ လကြာ ခံခဲ့ရတဲ့ အစ္စရေး ထောင်တွေထဲက ပါလက်စတိုင်း အကျဉ်းသားတွေရဲ့ အခြေအနေဟာ သူထင်ထားတာထက် အများကြီး ပိုဆိုးနေတာကို တွေ့ခဲ့တယ်လို့လည်း ဒေါက်တာ ဆယ်လ်မီယာက ဆိုပါတယ်။

ဒေါက်တာ ဆယ်လ်မီယာကို ဖမ်းဆီးခဲ့ချိန်တုန်းက သူ့ရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရှိနေတဲ့ အယ်လ်ရှီဖာ ဆေးရုံမှာ မြေအောက် ဥမင်တွေ တူးပြီး ဟားမားစ် ပြောက်ကျားတွေရဲ့ စစ်ရေး ကွပ်ကဲမှု ဌာနတွေအဖြစ် အသုံးပြုထားတာ ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း အစ္စရေး စစ်တပ်က စွပ်စွဲခဲ့ပါတယ်။

ဟားမားစ်တွေနဲ့ ဆေးရုံ အုပ်ချုပ်ရေး အဖွဲ့ကတော့ အဲဒီစွပ်စွဲချက်တွေကို တူးတူးခါးခါး ငြင်းဆိုခဲ့ကြပါတယ်။ အခုအခါ ဒေါက်တာ ဆယ်လ်မီယာကို ပြန်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး အစ္စရေး အစိုးရထဲက သဘောထား တင်းမာတဲ့ ဝန်ကြီးတချို့အပြင် လွှတ်တော်အမတ်တွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

ဒေါက်တာ ဆယ်လ်မီယာက အကျဉ်းထောင်ထဲမှာ အစ္စရေး အာဏာပိုင်တွေ နှိပ်စက်လို့ ပါလက်စတိုင်း ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းတချို့ သေဆုံးကုန်တယ်လို့လည်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဧပြီလတုန်းက အယ်လ်ရှီဖာ ဆေးရုံရဲ့ အရိုးကုဌာန အကြီးအကဲ ဒေါက်တာ အက်ဒ်နန် အယ်လ်ဘူရှ်ဟာ အစ္စရေး အကျဉ်းထောင်ထဲမှာ သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒေါက်တာ ဆယ်လ်မီယာက အစ္စရေး အကျဉ်းထောင်တွေထဲမှာ ပါလက်စတိုင်း ထောင်သားတွေကို အစာရေစာ ဖြတ်တောက်တာ၊ နှုတ်နဲ့ရော၊ ကိုယ်ထိလက်ရောက်ပါ အရှက်ခွဲတာတွေက ပုံမှန်အခြေအနေလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

အစ္စရေး အကျဉ်းဦးစီး ဌာနကတော့ ဒေါက်တာ ဆယ်လ်မီယာရဲ့ နှုတ်ထွက်စကားတွေနဲ့ ပတ်သက်လို့ ငြင်းဆိုပြီး အကျဉ်းသားတိုင်းကို သတ်မှတ် ဥပဒေ စံနှုန်းတွေနဲ့ အညီ ထိန်းသိမ်းထားကြောင်း၊ မကျေနပ်မှုတွေ ရှိရင်လည်း ကန့်ကွက်ပိုင်ခွင့် ပေးထားကြောင်း တုံ့ပြန်ထားပါတယ်။

Ref: BBC