Turbulence ကြုံခဲ့တဲ့ ခရီးသည်တင်လေယာဉ် ဘရာဇီးမှာ အရေးပေါ်ဆင်းသက်ခဲ့ရ၊ လူသုံးဆယ်လောက် ဒဏ်ရာရ

ဇူလိုင်၊ ၂

ပြင်းထန်တဲ့ လေထု တုန်ခါမှု (turbulence)နဲ့ ကြုံတွေ့ခဲ့ရတဲ့နောက် ခရီးသည်တင် လေယာဉ် တစီးဟာ ဘရာဇီးနိုင်ငံဆီ လမ်းကြောင်းပြောင်း ပျံသန်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

Air Europa လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်ဟာ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တော်ကနေ ဥရုဂွေးရဲ့ မွန်တီဗီဒီယိုဆီ ဦးတည် ပျံသန်းနေချိန် ဇူလိုင် ၁ ရက်နေ့က ပြင်းထန်တဲ့ turbulenceနဲ့ ကြုံခဲ့တာ ဖြစ်ပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ လေယာဉ် ကိုယ်ထည် အထက်အောက် လှုပ်ရမ်းမှုကြောင့် ခရီးသည်တွေ လေထဲ မြောက်တက်လိုက်၊ ပြုတ်ကျလိုက် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

Boeing 787-9 Dreamliner လေယာဉ်ဟာ အဲဒီအခြေအနေ အပြီးမှာတော့ ဘရာဇီးနိုင်ငံဆီ အရေးပေါ် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ turbulenceကြောင့် ဒဏ်ရာရသူ စုစုပေါင်း ၃၀ လောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ခရီးစဉ်အမှတ် UX045 လေယာဉ်ဟာ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းက နက်တဲလ်လေဆိပ်မှာ ချောချောမောမော ဆင်းသက်နိုင်ခဲ့ကြောင်း၊ လေယာဉ်ပေါ်မှာ ခရီးသည် ၃၂၅ ဦး လိုက်ပါခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ လေဆိပ်မှာ စောင့်ကြိုပြီး ကူညီကုသပေးခဲ့ကြောင်း Air Europaက ထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ်ဟာ ပြေးလမ်းပေါ်ကို ပြဿနာ တခုခု မရှိဘဲ ချောချောမောမော ဆင်းသက်နိုင်ခဲ့ပြီး ဒါဇင်နဲ့ချီ များပြားတဲ့ လူနာတင်ယာဉ်တွေက အသင့်အနေအထား စောင့်ကြိုနေခဲ့တယ်လို့ လေဆိပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာ အခြေအနေ ပြင်းထန်တဲ့ ခရီးသည် ၁၀ ယောက်ကိုတော့ နီးစပ်ရာ ဆေးရုံတွေဆီ ချက်ချင်း ပို့ဆောင်ပေးခဲ့ရပါတယ်။

မကြာသေးခင်ကလည်း စင်ကာပူ လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ် တစီးဟာ မြန်မာ့ လေပိုင်နက်ကို ဖြတ်သန်းချိန် ပြင်းထန်တဲ့ turbulenceနဲ့ ကြုံခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရဖူးပါတယ်။ အဲဒီ ဖြစ်စဉ်မှာ ဗြိတိန် အမျိုးသားတဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

Ref: Reuters