စစ်ကောင်စီလေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်လို့ ပေါက်တော ဒေသခံအများအပြား ပြောင်းရွေ့နေရ

Photo – Social Media ပေါက်တောစစ်ဘေးရှောင်များ(ပုံဟောင်း)

ဇူလိုင်၊ ၁

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ ပေါက်တောမြို့နယ်အတွင်းက လူနေကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ မကြာ ခဏ ပစ်ခတ်နေလို့ ဒေသခံ ရာချီနေရပ်စွန့်ခွာနေကြရပါတယ်။

စစ်တွေမြို့ရဲ့ တစ်ဖက်ကမ်း ကုလားတန်မြစ်အရှေ့ဘက်ကမ်းခြေတလျောက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာဖြစ်ပြီး လပိုင်းအတွင်းမှာပဲ အရပ်သားသေဆုံးဒဏ်ရာရသူ နှစ်ဆယ်ကျော်ရှိပြီဖြစ်ပါတယ်။

“တရွာလုံး ပြေးကြရတယ်၊ ရွာထဲမှာ ကျလို့ လူတွေ ဒဏ်ရာရတာ နှစ်ခါရှိပြီ၊ ဘယ်သူ့မှ မနေရဲတော့ဘူး”လို့ ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေရွာမှ စစ်ရှောင်လာရသူ အမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် မြစ်ကမ်းတလျှောက်ရှိ တပ်မော်၊ မနော်သီရီ၊ လက်ပံပြား၊ အ၀ကန်၊ သဲခုံ၊ တောင်းဖူးစတဲ့ကျေးရွာတွေမှ ပြည်သူတွေဟာလည်း နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မြို့တော်စစ်တွေ ကို AA က တိုက်ခိုက်ရတော့မယ်ဆိုတဲ့ သတင်းတွေထွက်နေချိန် နယ်မြေချင်း ကပ်ရပ်မှာရှိတဲ့ ပေါက်တောမြို့နယ်မှ အရပ်သားကျေးရွာတွေကို ပစ်ခတ်မှုတွေ လုပ်နေတာပါ။

“ပြည်သူတွေကို ကိုယ့်နေရာမှာကိုယ် နေလို့မရအောင် လုပ်နေတာ၊ အခု လယ်တွေလည်း မထွန်ရတော့ဘူး၊ ပြေးဖို့ ပိုက်ဆံတွေလည်း အခက်အခဲ ရှိတယ်”လို့ ပေါက်တောမြို့နယ်မှ စစ်ရှောင်နေရတဲ့ လယ်သမားတဦးက ပြောပါတယ်။

ပေါက်တောမြို့နယ်အတွင်းမှ ဒေသခံလယ်သမားတွေဟာ ပြီးခဲ့တဲ့နှစ် စပါးရိတ်သိမ်းချိန်တုန်းကလည်း တိုက်ပွဲတွေကြောင့် စပါးခင်းတွေ အပြည့်အ၀ မရိတ်သိမ်းနိုင်ခဲ့ကြပါဘူး။

အာရက္ခတပ်တော်(AA)ဟာ ပေါက်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။

ရခိုင်မှာ ဒေသတွင်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက် နက်ကြီးရန်ကြောင့် စစ်ဘေးရှောင် ခြောက်သိန်း၀န်းကျင်အထိ ရှိနေပြီး စားနှပ်ရိက္ခာအခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။