ဂါဇာစစ်ပွဲတလျှောက် အစ္စရေးကို ပေါင်နှစ်ထောင်ဗုံး အလုံးရေ သောင်းနဲ့ချီပြီး အမေရိကန် ထောက်ပံ့ခဲ့

ဇူလိုင်၊ ၁

ဂါဇာမှာ စစ်ပွဲ စတင်ချိန် ကတည်းက အမေရိကန်ဟာ အစ္စရေးအတွက် ပေါင် ၂၀၀၀ ဗုံး စုစုပေါင်း အလုံးရေ ၁၄၀၀၀ ကျော်လောက် ထောက်ပံ့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်ဟာ မဟာမိတ် အစ္စရေးအတွက် တခြား ဒုံးကျည်တွေနဲ့ စစ်လက်နက်တွေလည်း ထောက်ပံ့ပေးခဲ့ပေမယ့် အဲဒီ ဗုံးတွေဟာ အရေအတွက်အားဖြင့် အများဆုံး အတိုင်းအတာ ပမာဏထိ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပြီးတော့ ပေါက်ကွဲအား ပြင်းထန်လှတဲ့ အဲဒီ ဗုံးလက်နက်တွေဟာ ဂါဇာထိုးစစ်မှာ ပါလက်စတိုင်း အရပ်သား အများအပြား သေဆုံးစေတဲ့ အဓိက အကြောင်းတရား တခုလည်း ဖြစ်ခဲ့ပါတယ်။ အစ္စရေးဟာ ဟားမားစ် ပြောက်ကျားတွေရဲ့ စစ်ရေးပစ်မှတ်တွေ အပါအဝင် ဂါဇာ အရပ်သား ဧရိယာတွေကို ညက်ညက်ကျေအောင် ဖိနှိပ်တိုက်ခိုက်ဖို့ အဲဒီ ဗုံးတွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

နှစ်ဆန်းပိုင်းတုန်းကထိ အခြေအနေအရ ဂါဇာမှာ ရှိသမျှ အဆောက်အအုံ အားလုံးရဲ့ ထက်ဝက်ကျော်ဟာ အစ္စရေးရဲ့ ဗုံးဒဏ်၊ ဒုံးကျည်ဒဏ်၊ အမြောက်ဒဏ်၊ လက်နက်ကြီးဒဏ်တွေကြောင့် ထိခိုက်မှု၊ ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ပြီး ဖြစ်ပါတယ်။

အစ္စရေးရဲ့ မဆင်ခြင်တဲ့ ထိုးစစ်ကြောင့် အရပ်သားတွေ ထိခိုက်သေကြေမှု မြင့်တက်လာတဲ့နောက် နိုင်ငံတကာ ဖိအားပေးမှုတွေ ထူထပ်လာတဲ့အခါ အမေရိကန်က အစ္စရေးကို သတိပေးခဲ့ပေမယ့်လည်း လက်နက် ထောက်ပံ့မှုတွေကိုတော့ မရပ်တန့်ခဲ့ပါဘူး။

အစ္စရေး လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ စစ်လက်နက်တိုင်းကို ပံ့ပိုးဖို့ အသင့်ပြင်ထားမယ်ဆိုတဲ့ သူ့ရဲ့ စကားအတိုင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကတိတည်နေဆဲဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ ပါလက်စတိုင်း ဒုက္ခသည် တသန်းလောက် ပိတ်မိနေတဲ့ ရာဖာဟ်မြို့ကို ထိုးစစ်ဆင်မယ့် အစ္စရေးရဲ့ အစီအမံတွေနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြတာတွေ ရှိခဲ့ဖူးပေမယ့် ကြားဝင်ကန့်ကွက် တားဆီးတာမျိုး၊ လက်နက် ထောက်ပံ့မှု ကန့်သတ်တာမျိုးတွေကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ ပါလက်စတိုင်းအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လဆန်းကနေ စတင်ခဲ့တဲ့ အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးတွေအတွင်း အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်းတွေ သေဆုံးမှု အရေအတွက်ဟာ ၃၈၀၀၀ နီးပါးလောက် ရှိလာပြီလို့လည်း ဟားမားစ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

Ref: Reuters