မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေ ခြောက်ပေမှ ဆယ်ပေခန့်အထိ ထပ်မံမြင့်တက်နိုင်

  Photo – Social Media

ဇူလိုင်၊ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် မြို့အတွင်းပိုင်းရပ်ကွက်တချို့နဲ့ မြေနိမ့်ပိုင်းတွေမှာ ရေနစ်မြုပ်မှုတွေဖြစ်ပေါ်နေပြီး လက်ရှိရေအမှတ်အထက် ခြောက်ပေမှဆယ်ပေခန့်အထိ ထပ်မံမြင့်တက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ရေက မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမှုမြို့တို့မှာ လက်ရှိရေအမှတ်ထက် ခြောက်ပေမှဆယ်ပေခန့်အထိ ထပ်မံမြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မြစ်ကြီးနားမြို့မှာဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အထက် လေးပေကျော်ထိ မြင့်တက်လာတာကြောင့် နေအိမ်တွေရေနစ်မြုပ်နေပြီး ဒေသခံတွေ အရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။

 “အကူညီတွေကတော့ ဟိုနားက တက်လာဒီနားကတက်လာနဲ့တော့ ဆက်တိုက်ရှိနေသေးတယ်။ ကျနော်တို့လည်း တက်နိုင်သလောက်တော့ လှေငယ်တွေနဲ့ကယ်ထုတ်နေတာပေါ့ ဒါပေမယ့် ရေဝင်ရပ်ကွက်များတော့ မနိုင်ဘူးဖြစ်နေတယ်” လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတဦးကပြောပါတယ်။

မနေ့ ညပိုင်းကစပြီး မြစ်ကြီးနားမြို့ စီတာပူ၊ မြို့သစ်ကြီး၊ ရမ်ပူ၊ ကြက်ပေါင်ခြံ အပါအဝင် မြင့်ငြိမ်းအေးဓမ္မရိပ်သာကျောင်း၊ နယ်မြေ ၁၄ ၊ အနောက်လယ်ကုန်း ၊ ပေါ်ဦးဘုရား နယ်မြေတွေမှာ ရေနစ်မြုပ်နေတာကြောင့် ဒေသခံတွေ ရေလွှတ်ရာကိုရွေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။

“အိမ်ခေါင်မိုးလောက်အထိရေက တက်လာတော့ မနေရဲကြတော့ဘူး။ ပစ္စည်းတွေလည်း အကုန်ရေမြုပ်ကုန်တယ်။ အရင်အဲထိလောက်အထိ ရေမဝင်ဖူးဘူး ဒီတခေါက်အတော်ဆိုးတယ်။ အခုက ဘုရားကျောင်းမှာ ခဏရောက်နေတယ်” လို့ ဒေသခံ တဦးကပြောပါတယ်။

အခုလို ဧရာဝတီမြစ်ရေကြီးမှုကြောင့် တချို့ ရပ်ကွက်တွေမှာ ပိတ်မိနေတဲ့ ပြည်သူလူထုတွေရှိသလို အကူအညီတွေလည်းအများအပြားလိုအပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အလားတူပဲ   မြစ်ကြီးနား၊ ၀ိုငျးမော်နဲ့ချီဖွေမြို့နယ်ကစစ်ဘေးဒုက္ခသည်စခန်းတချို့လည်းရေလွမ်းမိုးလာလို့ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလကတော့ ဒီကနေ့မနက်  ၉ နာရီခွဲ နောက်ဆုံးတိုင်းတာချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၁၃၃၀ စင်တီမီတာသို့ရောက်ရှိနေပြီး တစ်နာရီလျှင် ၇ စင်တီမီတာ၃လက်မနှုန်းနဲ့ ဆက်လက်ရေမြင့်တက်နေတယ်လို့ ဆိုထားပါတယ်။

မြစ်ကြီးနားမြို့မှာ၂၀၀၄ ခုနှစ်အတွင်းတုန်းကလည်း အခုလိုပဲ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး နှစ်ပေါင်း ၂၀ အကြာမှာထပ်မံရေကြီးတာဖြစ်တယ်လို့ သိရပါတယ်။၂၀၀၄ခုနှစ်တုန်းက 

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ၁၄၀၈ စင်တီမီတာအထိ မြင့်တက်ခဲ့တာပါ။