ထိုင်းတောင်ပိုင်းမှာ ရဲအိမ်ရာကို ပစ်မှတ်ထားတဲ့ ကားဗုံးခွဲမှု ဖြစ်ပွား

ဇူလိုင်၊ ၁

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရဲဝန်ထမ်း အိမ်ရာကို ပစ်မှတ်ထားတဲ့ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက ထိုင်းတောင်ဖက်စွန်း၊ ယာလာပြည်နယ်ထဲက နယ်စပ်ခရိုင် တခုဖြစ်တဲ့ ဘန်နန်ဆာတာက ရဲဝန်ထမ်းတွေ နေထိုင်ရာ တိုက်ခန်းတွဲရှေ့မှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ နေရာဟာ ခရိုင်ရုံး၊ လူစည်ကားရာ စျေးတခုတို့နဲ့ နီးနီးကပ်ကပ် တည်ရှိနေခဲ့ပါတယ်။

ဗုံးပေါက်တဲ့ အရှိန်က ပြင်းထန်လွန်းတာကြောင့် ရဲအိမ်ရာ တိုက်ခန်းတွဲနဲ့ အနီးတဝိုက် နေအိမ်တွေက မှန်ပြတင်းတွေ ကွဲထွက်ကုန်ပါတယ်။ နောက်ဆက်တွဲ ဗုံးတွေ ထပ်ကွဲမှာကို စိုးရိမ်တာကြောင့် ရဲတွေက အဲဒီနေရာကို ချက်ချင်း ပိတ်ဆို့ပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဒုတိယ ရဲမှူးကြီး ပီယာဝတ် ချာလမ်ဆရီက ပေါက်ကွဲမှုဟာ ကားဗုံးအသုံးပြု တိုက်ခိုက်မှု တခုလို့ ပြောကြားခဲ့ပြီး အခင်းမဖြစ်ခင် တရက်အလိုက အစိုးရ အေဂျင်စီ တခုဆီကနေ ခိုးယူခံရတဲ့ အပြာရောင် Toyota ကားတစီးရဲ့ ဆီတိုင်ကီနဲ့ ချိတ်ဆက်ပြီး ဗုံးဆင်ထားခဲ့တာလို့ သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။ အဲဒီကား တဝိုက်က တခြားယာဉ်တွေလည်း ပျက်စီးခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၄၅ နှစ်အရွယ် ရိုကီယို ဆာရာနာဆိုတဲ့ ဆရာမ တဦးဖြစ်ပြီး ကံမကောင်းစွာနဲ့ပဲ သူဟာ ဗုံးပေါက်ချိန် ကားနားကို ရောက်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ ၁၆ ဦးထဲမှာ ရဲဝန်ထမ်း ၆ ဦးနဲ့ ဒေသခံ ၁၀ ဦးတို့ ပါဝင်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက ၅ ဦးရဲ့ အခြေအနေက ပြင်းထန်တယ်လို့လည်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲ ဆိုတာကို မသိရသေးပါဘူး။ ထိုင်းတောင်ပိုင်း၊ မလေးရှားနဲ့ နယ်စပ်ထိစပ်ရာ ယာလာအပါအဝင် ဒေသတချို့မှာ မွတ်ဆလင် ခွဲထွက်ရေး လက်နက်ကိုင် လှုပ်ရှားမှုတွေ ရှိနေပြီး အရင်ကလည်း အရပ်သားတွေနဲ့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြုံခဲ့ရဖူးပါတယ်။ အခုဖြစ်စဉ်ကတော့ နိုင်ငံတောင်ပိုင်းမှာ ၂၀၂၄ အတွက် ပထမဆုံး ကားဗုံးပေါက်ကွဲမှု အနေနဲ့ မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref: Bangkok Post