ချင်းပြည်နယ်မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့ပေါင်း ၁၃ မြို့အထိ ရှိလာ

Photo – CDF Matupi(Brigade 1) ပုံစာ – မတူပီမြို့၊ ခမရ ၃၀၄ တိုက်ပွဲအပြီး တွေ့ရတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ(တပ်မဟာ ၁) တပ်ဖွဲ့ဝင်တချို့

ဇွန် ၊ ၃၀

မြို့ပေါင်း ၁၉ မြို့ရှိတဲ့ ချင်းပြည်နယ်မှာ ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့အထိ ချင်းတော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ မြို့ပေါင်း ၁၃ မြို့အထိ ရှိလာပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ 

ဇွန်လ ၂၉ ရက်၊ မနေ့ကပဲ ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့ကို ရက်ပေါင်းနှစ်ဆယ်ကျော်အကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ချင်းညီနောင်က သိမ်းပိုက်လိုက်နိုင်ပါတယ်။ 

“မတူပီ မြို့တခုလုံးကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်ပါတယ်၊ မတူပီမြို့နယ်အတွင်းမှာရှိတဲ့ စကစရဲ့ နောက်ဆုံးနဲ့ အကြီးဆုံး စခန်းဖြစ်တဲ့

ခမရ ၃၀၄၊ ခလရ ၁၄၀ ၊ ဗျူဟာစခန်းတွေက စကစ မရှိတော့ပါဘူး” လို့ ချင်းညီနောင် ပြန်ကြားရေး အဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။ 

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေ သိမ်းဆည်းရမိတာ၊ နှစ်ဖက်အကျအဆုံးရှိတာတွေ ရှိတယ်လို့ဆိုပေမယ့် အရေအတွက် အတိအကျတော့ ထုတ်မပြောသေးပါဘူး။ 

မဟာမိတ်အင်အားစု ခြောက်ခုနဲ့ ဖွဲ့စည်းထားတဲ့ ချင်းညီနောင်အနေနဲ့ ကန်ပက်လက်မြို့နယ်ထဲမှာရှိတဲ့ ကျင်ဒွေးမြို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကပဲ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။  

အလားတူပဲ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီတပ်တွေကလည်း ပြီးခဲ့တဲ့ မေလအတွင်း ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်ထဲက တွန်းဇံမြို့နဲ့ ကျီခါးမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ 

ချင်းတော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ တခြားမြို့တွေကတော့ မတူပီမြို့နယ်ထဲက လိုင်လင်းပီမြို့၊ ရေဇွာမြို့နဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ဖလမ်းမြို့နယ်ထဲက ရိဒ်ခေါဒါရ်မြို့၊ ပလက်ဝမြို့နယ်ထဲက ပလက်ဝမြို့၊ ဆမီးမြို့တို့ ဖြစ်ကြပါတယ်။

ပလက်ဝမြို့နဲ့ ဆမီးမြို့တို့ကိုတော့ အာရက္ခတပ်တော်(AA)နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တချို့ ပူးပေါင်းသိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ AA ကပဲ အဓိက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်တွေ စွန့်ခွာသွားတဲ့ မင်းတပ်မြို့နယ်ထဲက မကွီအိမ်နူးမြို့၊ ထန်တလန်မြို့နယ်ထဲက နှာရိန်းမြို့၊ ဖလမ်းမြို့နယ်ထဲက ဝေဘူလမြို့နဲ့ ဟားခါးမြို့နယ်ထဲ ဆူခွာရ်မြို့တို့ကိုလည်း ချင်းတော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ကတော့ ချင်းပြည်နယ်ထဲက မြို့တော် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်၊ မင်းတပ်နဲ့ ကန်ပလက်မြို့တို့လို မြို့ကြီးတွေကိုတော့ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကတော့ စစ်ကောင်စီအနေနဲ့ အဲဒီမြို့တွေမှာလည်း မြို့ပေါ်မှာသာ အခြေချနိုင်တယ်လို့ DNA ကို ပြောပါတယ်။

“တကယ် တပ်ရင်းလိုက် အခြေချတာတော့ ဟားခါး၊  ထန်တလန်၊ တီးတိန်၊ ဖလမ်း၊ မင်းတပ်ပဲ၊ ကျန်တာတော့ တပ်ရင်းလိုက် အခြေချတာမရှိဘူး၊ ကန်ပက်လက်တို့ဘာတို့ပေါ့၊ ကျန်တဲ့နယ်မြေတွေကတော့ လွတ်မြောက်နယ်မြေဖြစ်သွားပြီလို့ ပြောလို့ရတယ်” လို့ ကိုယောမာန်က ဆိုပါတယ်။ 

ရိုးရာတူမီးသေနတ်တွေကိုအသုံးပြုပြီး နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးစတင်ခဲ့တဲ့ ဒေသထဲပါတဲ့ ချင်းပြည်နယ်ထဲမှာ မြို့အများစုကို သိမ်းပိုက်ထိန်းချုပ်နိုင်တဲ့အထိ အခုလို စစ်ရေးအားသာချက်တွေ ရှိလာနေတာပါ။

“နည်းနည်းအင်အားကောင်းတဲ့ မြို့ကြီးတွေကိုလည်း သိမ်းယူနိုင်အောင်ပေါ့နော်၊ ပြင်ဆင်ထားတာ၊ လေ့ကျင့်ထားတာရှိပါတယ်၊ ထိုးစစ်ဆင်မှုတွေ ရှိလာမှာပါ” လို့လည်း ကိုယောမာန်က ပြောပါတယ်။ 

ချင်းညီနောင်အနေနဲ့ ၂၀၂၄ ခုနစ်အတွင်း ချင်းပြည်နယ်တဝှမ်း စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက် ချထားပြီး ကနဦးအနေနဲ့ ချင်းညီနောင်နယ်မြေမှာကင်းစင်ရေး အဓိက ဦးစားပေးလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ချင်းပြည်နယ်အစပ်က ဒေသတွေ လွတ်မြောက်ရေးအတွက်လည်း မဟာမိတ်တော်လှန်ရေးအင်အားစုတွေကို ဆက်လက် ကူညီသွားမယ်လို့ဆိုပါတယ်။ 

“ချင်းနယ်စပ်တွေဖြစ်တဲ့ မကွေး၊ စစ်ကိုင်း အနောက်ဖက်တွေကိုလည်း လိုအပ်သလို စစ်ကူအနေနဲ့ ခေါ်ရင် သွားဖို့ရှိပါမယ်” လို့ ချင်းညီနောင် ပြန်ကြားရေး အဖွဲ့ဝင်က ပြောပါတယ်။ 

လက်ရှိ ချင်းပြည်နယ်ထဲက တိုက်ပွဲတွေမှာလည်း ချင်းညီနောင်နဲ့အတူ အာရက္ခတပ်တော်(AA)၊ Yaw Army၊ Yaw Defense Force(YDF)တို့လို အိမ်နီးချင်း မဟာမိတ်တပ်တွေလည်း ဝင်ရောက်တိုက်ခိုက်ပေးနေပါတယ်။ 

ဒါပေမယ့် CNF/CNA ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်တွေနဲ့ ချင်းညီနောင်ကြားမှာတော့ ပူးပေါင်းလုပ်ဆောင်နိုင်တာမျိုး မရှိသေးသလို ပဋိပက္ခတွေလည်း ဆက်ရှိနေသေးတာပါ။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်နဲ့ အခု ၂၀၂၄ အစောပိုင်းတွေမှာ ချင်းပြည်နယ်ထဲက မရာနယ်မြေအတွင်းနဲ့ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း CNF/CNA ဦးဆောင်တဲ့တပ်တွေနဲ့ ချင်းညီနောင်အကြား ပစ်ခတ်မှုဖြစ်တဲ့အထိ ရှိခဲ့ပြီး နှစ်ဖက် အကျအဆုံးလည်းရှိခဲ့ပါတယ်။ 

ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကတော့ လက်ရှိပဋိပက္ခတွေ ပိုမကြီးလာအောင် လက်နက်နဲ့ ဖြေရှင်းတာမျိုးကို ရှောင်ကျဥ်ပြီး ဆွေးနွေးညှိနှိုင်းဖို့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ 

“ကျနော်တို့ဘက်က လက်ရှိတောင်းဆိုတာဆိုရင် ညီနောင်ထိန်းချုပ်နယ်မြေတွေမှာ ညီနောင်တွေက စစ်ကောင်စီ ကင်းစင်အောင်လုပ်မယ်၊ CNF/CNA ပူးပေါင်းတပ် ထိန်းချုပ်တဲ့ ဒေသတွေမှာ သူတို့နည်း၊ သူတို့ဟန်နဲ့ စစ်ကောင်စီ ကင်းစင်အောင်လုပ်ကြပေါ့လေ၊ ပြီးမှ ကျနော်တို့ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးကြရင် ပိုကောင်းမယ်လို့ မြင်ပါတယ်” လို့ ကိုယောမာန်က ပြောပါတယ်။ 

စစ်ကောင်စီအနေနဲ့ကတော့ ချင်းပြည်နယ်တဝှမ်း မြို့သိမ်းတိုက်ပွဲတွေအတွင်း မြေပြင်ကနေ စစ်ကူပို့ပေးတာ၊ အင်အားဖြည့်တင်းပေးတာမျိုးတွေ မလုပ်နိုင်တော့ဘူးလို့လည်း သိရပါတယ်။ 

“လေကြောင်းကနေ စစ်ကူတွေ၊ လက်နက်တွေ ပံ့ပိုးမှုတွေက အဓိက သူတို့ရဲ့ လုပ်ဆောင်နေတဲ့အချက်ပေါ့နော်၊ အဲဒါကြောင့်မို့ ကျနော်တို့ ပြည်သူတွေအနေနဲ့ စိုးရိမ်နေရသေးတဲ့ အနေအထားတော့ ရှိနေသေးတာပေါ့” လို့ စစ်ကောင်စီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး CNF/CNA ပြောခွင့်ရ ဆလိုင်းထက်နီက DNA ကို ပြောဆိုထားဖူးပါတယ်။