တွင်းငယ်-မိုးမိတ်လမ်းကို တော်လှန်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားပြီလို့ PLA အသိပေး

Photo – PLA/google map

မန္တလေး-မိုးမိတ်လမ်းပေါ်က တွင်းငယ်-မိုးမိတ်လမ်းပိုင်းကို တအာင်းတပ် TNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြည့်အဝထိန်းချုပ်ထားနိုင်ပြီလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ဒီကနေ့ထုတ်ပြန် အသိပေးပါ တယ်။

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းကို ဇွန် ၂၅ရက်ကစတင်ခဲ့တဲ့နောက် TNLA နဲ့ပူးပေါင်းတပ်တွေဟာ မိုးမိတ်နဲ့ တွင်းငယ်လမ်းပိုင်းမှာလည်း ဖြတ်တောက်ရေးစစ်ကြောင်းတွေနဲ့ တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ သိ ရပါတယ်။

အဲ့ဒီပူးပေါင်းတပ်စစ်ကြောင်းတွေဟာ ဇွန်လ ၂၆ရက်မှာ ရွှေကျောက်မော်ရွာရဲစခန်းကိုသိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထက်ပါလမ်းပိုင်းမှာ အရေးပါတဲ့ တံတားရှိရာ ကင်းချောင်းတံတားစောင့်စစ်ကောင်စီစခန်းကိုတော့ မနေ့က ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်တာလို့ PLA က ဖော်ပြထားပါတယ်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၂၃လက်အောက်ခံ ဗိုလ်ကြီးအဆင့်အရာရှိကွပ်ကဲတဲ့ အဲ့ဒီစခန်းကို မနေ့က မနက်ခြောက်နာရီမှာစတင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ကာ စစ်ကောင်စီဘက်ကသုံးဦး၊ တဦးဖမ်းမိပြီး ဒဏ်ရာရသူတွေအပါအဝင် စခန်းစွန့်ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ဆိုပါတယ်။

တအာင်းတပ် TNLA ရဲ့ မနေ့ညစစ်ရေးသတင်းထုတ်ပြန်ချက်မှာတော့ မနေ့က မိုးမိတ်မြို့နယ်အတွင်း ရွှေဆာလီ ရွာ၊လွယ်ဝိန်းရွာနဲ့လယ်ကြီးရွာတို့မှာရှိတဲ့ စစ်ကောင်စီ စကခ(၂၁)၊ခလရ (၂၂၃)နဲ့ ခမရ၃၄၈ တပ်စခန်း တွေကို တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

တိုက်ပွဲအခြေအနေတွေကိုတော့ ဖော်ပြထားတာမရှိပါဘူး။ တွင်းငယ်ရွာဟာ သပိတ်ကျင်းမြို့ရဲ့ မြောက်ဘက် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းပေါ်မှာရှိတာဖြစ်ပါတယ်။

တွင်းငယ်-မိုးမိတ်လမ်းပိုင်းဟာ ၄၇မိုင်ဝန်းကျင် ရှည်လျားပြီး အဲ့ဒီလမ်းပိုင်းမှာ အရေးပါတဲ့ တံတားအဖြစ် PLA ကဖော်ပြထားတဲ့ ကင်းချောင်းတံတားကတော့ တွင်းငယ်-မိုးမိတ်လမ်းပိုင်း အလယ်လောက်မှာရှိတာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း TNLA နဲ့ပူးပေါင်းတပ်တွေက မိုးကုတ်၊နောင်ချို၊ကျောက်မဲ၊မတ္တရာ၊မိုးမိတ်စတဲ့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ်မြို့နယ်တွေကစစ်ကောင်စီ တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ဒါ့အပြင် မနေ့က စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရှိရာ လားရှိုးမြို့အနီးမှာလည်း MNDAAကိုးကန့် တပ်နဲ့ စစ်ကောင်စီတို့တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီတိုက်ကတော့ စစ်ကောင်စီဘက်က စတင်ထိုးစစ်ဆင် တိုက် ခိုက်လာတာလို့ MNDAA ဘက်ကပြောထားပါတယ်။