စကားစစ်ထိုးမှုမှ အခြေမလှခဲ့တဲ့နောက် အသက်အရွယ်အပေါ် ဝေဖန်ခံနေရမှုတွေကို ဘိုင်ဒန် တုံ့ပြန်

ဇွန်၊ ၂၉

ရွေးကောက်ပွဲကြို ပွဲဦးထွက် စကားစစ်ထိုးမှုမှာ အောက်စည်းရောက်ခဲ့တဲ့နောက် သူ့ရဲ့ အသက်အရွယ်အပေါ် ဝေဖန် မေးခွန်းထုတ်လာမှုကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တင်းတင်းမာမာ တုံ့ပြန်သွားခဲ့ပါတယ်။

အသက် ၈၁ နှစ်အရွယ် ဘိုင်ဒန်ဟာ ဇွန်လ ၂၈ ရက်နေ့တုန်းက ခါးသီးပြိုင်ဘက်ဖြစ်သူ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်နဲ့ စကားစစ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြို ပြိုင်ဘက်နှစ်ဦးရဲ့ ပထမဆုံး ထိပ်တိုက်တွေ့ဆုံ စကားယှဉ်ပြိုင်မှုမှာ ဘိုင်ဒန်ဟာ အလွဲလွဲ အမှားမှားတွေ ဖြစ်ခဲ့ပြီး ထရမ့်ကို ထိုးနှက်နိုင်မယ့် အခွင့်အရေးကောင်းတွေကို သိသိသာသာ လက်လွှတ်ခံခဲ့ရတယ်လို့ လေ့လာ စောင့်ကြည့်သူ အများစုက သုံးသပ်ခဲ့ပါတယ်။

အဲဒီအခြေအနေကြောင့် ဘိုင်ဒန်ရဲ့ အသက်အရွယ် ကြီးရင့်မှုနဲ့ ပတ်သက်လို့ ဒီမိုကရက် ပါတီဝင် တချို့က စိုးရိမ်တကြီး ထောက်ပြလာပြီး ထရမ့်ကို ယှဉ်ပြိုင်ဖို့ တခြားသမ္မတလောင်း တယောက်ယောက်ကို ပါတီက ရှာဖွေ အစားထိုးသင့်ပြီဆိုတဲ့ တောင်းဆိုမှုတွေပါ ရှိလာပါတယ်။

ဒါပေမဲ့ ဘိုင်ဒန်ကတော့ သူ့အသက်အရွယ်အပေါ် ဝေဖန်နေမှုတွေကို တုံ့ပြန်ခဲ့ပြီး သူဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ သေချာပေါက် အနိုင်ရဖို့ ရည်ရွယ်ထားကြောင်း ပြောကြားသွားပါတယ်။ သူ့ကိုယ်သူ လူငယ်တယောက် မဟုတ်တော့ဘူး ဆိုတာကို နားလည်ထားကြောင်း၊ ဒီအချက်ကို ဖုံးကွယ်ထားလို့လည်း မရကြောင်း စကားစစ်ထိုးမှုအပြီး မြောက်ပိုင်း ကာရိုလိုင်းနားမှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံတဲ့အချိန် ပြောဆိုခဲ့ပါတယ်။

သူဟာ ပုံမှန် လုပ်နေကျ အလုပ်တွေကို လွယ်လွယ်ကူကူ မလုပ်နိုင်တော့သလို စကားစစ်ထိုးတဲ့ ကိစ္စမျိုးကိုလည်း ပုံမှန်လိုမျိုး မလုပ်နိုင်တော့ကြောင်း၊ ဒါပေမဲ့ သူဟာ ပြည်သူတွေဆီ အမှန်တရားတွေကို ဘယ်လို ပြောပြရမလဲ ဆိုတာကို သိသလို သမ္မတ တာဝန်ကို ဘယ်လို ထမ်းဆောင်ရမလဲ ဆိုတာကိုလည်း နားလည်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

တဖက်မှာတော့ ထရမ့်ဟာ ဗာဂျီးနီးယားမှာ သူ့ရဲ့ လူထုထောက်ခံပွဲ တခုကို ဦးဆောင်ကျင်းပခဲ့ပြီး ပွဲဦးထွက် စကားစစ်ထိုးပွဲမှာ အောင်ပွဲခံခဲ့တယ်လို့ ကြွေးကြော်သွားပါတယ်။ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဒီ စကားစစ်ထိုးပွဲကို လူပေါင်း ၄၈ သန်းကျော်က ရုပ်မြင်သံကြားကနေ တိုက်ရိုက် ကြည့်ရှုခဲ့ပြီး အွန်လိုင်းကနေ စောင့်ကြည့်သူ နောက်ထပ် သန်းပေါင်းများစွာ ရှိခဲ့ကြောင်း သိရပါတယ်။

ထရမ့်က ဘိုင်ဒန်ရဲ့ တကယ့် ပြဿနာဟာ အသက်အရွယ် မဟုတ်ဘဲ ယှဉ်ပြိုင်နိုင်စွမ်းသာ ဖြစ်ကြောင်း၊ ဘိုင်ဒန်ဟာ ယှဉ်ပြိုင်နိုင်စွမ်း ဆိုးဆိုးရွားရွား ကင်းမဲ့တဲ့ အဆင့်ထိ ရောက်နေကြောင်း လှောင်ပြောင်သွားခဲ့ပါတယ်။ ထရမ့် ကိုယ်တိုင်ကလည်း အသက် ၇၈ နှစ် ရှိနေပြီ ဖြစ်တာကြောင့် ၂၀၂၄ ရွေးကောက်ပွဲဟာ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး ကိုယ်စားလှယ် နှစ်ယောက်ရဲ့ အားပြိုင်မှု အနေနဲ့လည်း မှတ်တမ်းဝင်လာမှာ ဖြစ်ပါတယ်။

Ref: BBC