Photo – ဝင်းနိမ္မိတာရုံစာသင်တိုက်
ဇွန် ၊ ၂၈
ပရိယတ္တိသာသနာရေးနယ်ပယ်မှာထင်ရှားတဲ့ ပဲခူးမြို့က စာချ၊ကျမ်းပြု ဝင်းနိမ္မိတာရုံဆရာတော်ဟာ ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၉ ရက်က ငါန်းဇွန်မြို့နယ်အတွင်းမှာပစ်ခတ်ခံရပြီးပျံလွန်ခဲ့ပါတယ်။
ကိုးရက်ကြာ အန္တိမအဂ္ဂိဈာပနအပြီးမနေ့ကဆရာတော်ရဲ့ရုပ်ကလာပ်ကို မီးပူဇော်ခဲပြီးသလို ကျန်ရှိနေသေးတဲ့ အ ရိုးပြာတွေကိုလည်း ဒီကနေ့မှာ သိမ်ဇရမ် စစ်တောင်းမြစ်ထဲမျှောချပူဇော်မှာဖြစ်ပါတယ်။
သာသနာရေးသမိုင်းမှာရော၊၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေထဲမှာပါထင် ထင်ရှားရှား “အမည်းစက်”တခုဖြစ်ခဲ့ရတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေရဲ့ ထုတ်ပြန်ပြောဆိုချက်၊ပွင့် အံလာတဲ့ ခံစားချက်တွေဟာ ဒီဖြစ်စဉ်တခုလုံးကိုပုံဖော်ခဲ့တဲ့ စကားလုံးတွေပါ။
အဲ့ဒီစကားလုံးတွေနဲ့ အာဏာသိမ်းမှု၊အာဏာသိမ်းပြီးနောက် နိုင်ငံအခြေအနေတွေနဲ့ပတ်သက်ပြီး ဝင်းနိမ္မိတာရုံ ဆရာတော်ရဲ့သဘောထားကိုဖော်ပြနိုင်တဲ့မိန့်ကြားချက်တွေကိုပါ တစုတည်း ပြန်လည်စုစည်း ဖော်ပြလိုက် ပါတယ်။
အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးဝင်းနိမ္မိတာရုံဆရာတော်ဦးဆောင်လက်မှတ်ရေးထိုးခဲ့တဲ့ ထုတ်ပြန်ချက်မှကောက် နုတ်ချက်
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁၀ရက်
“အဓမ္မအာဏာသိမ်းမှုကို လက်မခံသော၊မလိုလားသော၊မျက်ရည်စိုရွှဲငိုပွဲဝင်နေကြရသော အသက်နှင့်ရင်းကာ ပင် ပန်းကြီးစွာ ဆန္ဒဖော်ထုတ်နေကြသော ရဟန်း၊ရှင်လူပြည်သူများ၏ သဘောထားနှင့်တသားတည်းဖြစ် ကြောင်း အသိပေးကြေညာအပ်ပါသည်။”
ဝင်းနိမ္မိတာရုံဆရာတော်
၂၀၂၂ခုနှစ်အတွင်း တရားပွဲတခုတွင်ဟောကြားခဲ့သည်များမှကောက်နုတ်ချက်
“ခုခေတ်က တရားတွေဖောင်းပွပြီးတော့အဲ့ဒီတရားတွေကနှလုံးသားထဲမရောက်ကြဘူးနော်၊အခုဆရာတော်တွေ ဟောတဲ့တရားတွေ၊ဗုဒ္ဓမြတ်စွာဟောတဲ့တရား၊အခုဆရာတော်တွေကထပ်ဆင့်ဟောကြတဲ့ တရားတွေသာ နှလုံး သားထဲရောက်ကြမယ်ဆိုရင် မြန်မာနိုင်ငံမှာဒီနေ့ဒီအခြေအနေမျိုးကြုံရမှာမဟုတ်ဘူး”
“ဦးပဥ္ဇင်းတို့မြန်မာလူမျိုးတွေဟာ အပေါ်ယံလူစားမျိုးတွေများတယ်၊နှစ်နှစ်ကာကာနဲ့ တကယ်သက်ဝင်ယုံ ကြည် ပြီးတော့လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ရှားတယ်၊နှလုံးသားထဲကို တရားတွေမရောက်တဲ့အတွက်ကြောင့်မို့လို့ ဒါအား လုံး ဒီနေ့တွေ့နေ ကြုံနေရတဲ့ အလွန်ဆိုးဝါးတဲ့အခြေအနေကို အားလုံးပဲတွေ့နေကြုံနေကြရတယ်၊အားလုံးပဲ နှလုံး စိတ်ဝမ်းမအေးချမ်းကြဘူး”
“ဘုန်းကြီးတို့ဆိုရင် နေသာသပလေညာကဆိုတာလိုပဲကိုယ့်ကျောင်းကိုယ်နေပြီးတော့ ကိုယ့်စာကိုယ်ချပြီး အေး အေးဆေးဆေးနေလို့ရတဲ့အခြေအနေပါပဲ၊ဒါပေမယ့်လို့အပြင်မှာတွေ့ကြုံနေရတဲ့ ဒကာ၊ဒကာမတွေ နိုင်ငံသူ ၊နိုင် ငံသားတွေတွေ့ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေသောကတွေကို တွေ့ရမြင်ရတဲ့အခါမှာမခံစားနိုင်ဘူး။စိတ်ထဲမှာ တော် တော်ကိုပြင်းပြင်းပြပြ သောကဝေဒနာ ခံစားရပါတယ်၊ကိုယ်လည်းဘာမှမတတ်နိုင်တဲ့အခြေအနေမျိုး”
ဆရာတော်နှစ်ပါးကို တံတားဦးလေဆိပ်ကနေပင့်လာခဲ့သူ ယာဉ်မောင်းဦးကျော်ဝင်းက စစ်ကောင်စီထုတ်ပြန်တဲ့ ရုပ်သံဖိုင်အတွင်းပြောဆိုချက် (ဇွန်လ ၁၉ရက်)
“ရွာမှာ ဓမ္မရုံကိစ္စ အကြောင်းအကျိုးလေးတွေရှိတဲ့အတွက်ကြောင့်၊ကျွန်တော်နဲ့အတူ ဆရာတော်နှစ်ပါးကြွလာပါ တယ်။ကမ္မရွာအထွက်မှာ PDF အကြမ်းဖက်သမားကသေနတ်နဲ့ခုနစ်ချက်ပစ်တဲ့အတွက်ကြောင့် ဆရာတော် ဦးမုနိန္ဒာဘိဝံသပျံလွန်ပြီး ဦးဂုဏိကာဘိဝံသ(ကံသုံးဆင့်ဆရာတော်)နဲ့ကျွန်တော်ကတော့ လက်အကြီးအကျယ် ဒဏ်ရာရပြီး တပ်မတော်က ကုသဆောင်ရွက်ပေးနေပါတယ်”
(စစ်ကောင်စီဘက်က အဲ့ဒီလိုထုတ်ပြန်ပြီးနောက် ဒီကနေ့အထိ ယာဉ်မောင်းဦးကျော်ဝင်းရဲ့လက် ရှိအခြေအနေကို မသိကြရသေးပါဘူး)
ဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန်လ ၁၉ရက်ညပိုင်း ရုပ်မြင်သံကြားသတင်းနှင့် ဇွန်လ ၂၀ရက် နိုင်ငံပိုင်သတင်းများတွင် စစ်ကောင်စီဖော်ပြခဲ့သည့် ထုတ်ပြန်ချက်
“သကျင်ရွာဘက်မှ မြို့သာမြို့ဘက်သို့ မောင်းနှင်လာသည့်ယာဉ်တစီးသည် ပစ်ခတ်မှုဖြစ်ပွားနေသည့်နေရာအ တွင်းသို့ မောင်းနှင် ဝင်ရောက်လာခဲ့ရာအဆိုပါယာဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမားများ၏ပစ်ခတ်မှု ကြောင့် ဖြစ်စဉ်နေရာမှ မီတာ ၂၅၀ခန့်တွင် လမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားခဲ့သည်။”
ကံသုံးဆင့်ဆရာတော်
သံဃာ့တော်များ၊ဒကာ၊ဒကာမများရှေ့ ပြန်လည်ရှင်းလင်းမိန့်ကြားမှုမှကောက်နုတ်ချက်
ဇွန်လ ၂၀ရက်
“အသွားမှာတော့ဘာမှမဖြစ်ပါဘူး။ဇာတိရွာကနေပြန်ထွက်လာတော့ အချိန်ကဆယ်နာရီခွဲရှိနေပါပြီ ၊တံတားဦးနဲ့ နာရီဝက်ရောက်အောင်ဘုရားတပည့်တော်ကပဲကားဆရာ၊နာရီဝက်ပဲလိုတော့တယ်၊၁၁နာရီထိုးဖို့၊မြန်မြန်လေး မောင်းကြစို့၊ကားတံခါးလည်းပိတ်ပြီးတော့မောင်းကြစို့၊အဲယားကွန်းဖွင့်ဆိုပြီးတော့ ဆရာတော်နှစ်ပါးနဲ့ကား ဆရာနဲ့ မောင်းတာပါ၊
ရွာနဲ့တမိုင်လောက်အကွာမှာဖောကားနဲ့တွေ့ပါတယ်။ဖောကားပေါ်ဘယ်သူပါလဲဆိုတာလည်းဘုရားတပည့်တော်တို့မသိပါဘူး။တပည့်တော်တို့ကားဆရာကလည်း ဖောကားကိုဘေးချပြီးတော့ အတင်းမောင်းတာပါပဲဘုရား၊ အဲ့ဒီလိုအတင်းမောင်းတဲ့အခါဖောကားပေါ်ကနေသေနတ်နဲ့ဝိုင်းပစ်ပါတယ်၊ကားမှာခုနစ်ချက်ရှစ်ချက်လောက်မှန်ပါတယ်”
“တပည့်တော်(ကား)အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ရက်စက်လှချည်လားဗျာ၊ဘုန်းကြီးတွေ ဒီလောက် ရက် စက်ရသလားလို့” ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်၊စစ်သားတွေ ရက်စက်လှချည်လားဆို တော့ အရှင်ဘုရားတို့ကဘုရား ဘုန်းကြီးမှန်းမသိလို့ပါတဲ့၊ကားတံခါးလည်းပိတ်ထားတော့ရန်သူကားထင်လို့ တ ပည့်တော် တို့ပစ်ပါတယ်ဘုရားတဲ့သူတို့ကိုယ်တိုင်ဝန်ခံပါတယ်”
“အရှင်ဘုရားတို့ကားနားမကပ်ပါနဲ့တဲ့၊အရှင်ဘုရားတို့ဖုန်းတွေလည်းပေးပါတဲ့၊ဘယ်မှလည်းဖုန်းမဆက်ပါနဲ့တဲ့၊အဲ့ဒီနေရာမှာ နှစ်နာရီလောက်ကြာပါတယ်၊ဘုရားတပည့်တော်တို့ဆွမ်းလည်းမဘုန်းပေးရသေးပါဘူး”
“ဖြစ်တာက ဆယ်နာရီခွဲကျော်ကျော်မှာဖြစ်ပါတယ်၊လေးနာရီငါးနာရီကျမှ သူတို့က ဒီဆရာတော်တွေဟာ သာမညဆရာတော်တွေမဟုတ်ဘူး၊ရွှေကျင်ဂိုဏ်းရဲ့ဗဟိုအလုပ်အမှုဆောင်ဆရာတော်တွေဖြစ်တယ်ဆိုပြီးတော့အဲ့ဒီကျတော့မှသူတို့ကပြာပြာသလဲနဲ့ဘုန်းကြီးတို့ကားနားကပ်လာပါတယ်”
“အလွန်အင်မတန်မှစာတော်တဲ့၊သာသနာမှာ အလွန်အင်မတန်မှ အားကိုးရတဲ့ ဝင်းနိမ္မိတာရုံဆရာတော်တပါး ဆုံး ရှုံးရတဲ့အတွက် ဘုန်းကြီးဟာယူကျုံးမရဖြစ်ရပါတယ်”
“ဘုန်းကြီးမှာခဏခဏလာစစ်တယ်၊သူတို့လိုချင်တဲ့စကားလုံးရအောင်၊ဘုန်းကြီးကိုခဏခဏလာစစ်တယ်ဘုန်းကြီးကလည်းအဖြစ်မှန်အတိုင်းပြောတယ်”
“သူတို့လိုချင်တဲ့စကားလုံးမရဘူး၊ဘုန်းကြီးကိုတံတားဦးဆေးရုံမှာ သုံး၊လေးခါလောက်လာစစ်တယ်၊ အဲ့ဒီကနေမှ ဆရာတော်နန်းတွင်းကြွပေးပါဦးဘုရားတဲ့၊တိုင်းမှူးကမေးစရာရှိတာတွေလည်းမေးပါဦးမယ်ဘုရားဆိုလို့နန်းတွင်းသွားပါတယ်၊…..သူတို့မေးချင်တာမေးတာပါပဲ၊မေးပြီးတော့ဘုန်းကြီးရဲ့ခေါင်းကမှန်စလေးကိုထုတ်ပေးပါတယ်၊သုံးချက်ချုပ်ပါတယ်၊ပတ်တီးစည်းပေးလိုက်ပါတယ်”
“ကိုးနာရီထိအောင် နန်းတွင်းထဲမှာမပြန်ရသေးပါဘူး၊ စစ်ဆေးနေတာပါပဲ၊ဘုန်းကြီးကို နန်းတွင်းထဲကျတော့ ငါးခါ လောက်စစ်ဆေးပါတယ်၊ဒါပေမယ့်ဘုန်းကြီးကတော့ ရှေ့ကပြောပြီးသားစကားကိုနောက်စကားနဲ့ တူညီ အောင် ဘုန်းကြီးထွက်ဆိုပါတယ်၊ဆယ်နာရီခွဲကျမှဘုရားတပည့်တော်စည်ရှင်ကျောင်း၊မဟာဝိသုဒ္ဒါရုံတိုက်ကိုရောက်ပါ တယ်”
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြန်လည်ရှင်းလင်းမှုမှကောက် နုတ်ချက်
ဇွန်လ ၂၁ရက်
“လုံခြုံရေးအဖွဲ့တွေဟာ ကမ္မရွာရဲ့ထိပ် ဘုရားအနီးလမ်းပေါ်မှာ ကမ္မရွာဘက်ကမောင်းနှင်လာတဲ့ အရပ်နံပါတ် လိုင်စင်တပ် Surf အမျိုးအစားယာဉ်တစီးနဲ့တွေ့ဆုံခဲ့ပါတယ်၊ ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော် ဟစ်တားဆီးတာ၊လက်ပြတားဆီးတာလုပ်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်၊နောက်ဆုံးသေနတ်ကိုမိုးပေါ်ထောင်ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာလည်းသိရှိခဲ့ရပါတယ်၊အရပ်ကား Surf ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေလည်းပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျင်းသိရှိရပါတယ်”
သီတဂူဆရာတော်
ဝင်းနိမ္မိတာရုံကျောင်းတိုက်ရှိသံဃာတော်များအားမိန့်ကြားသည့် ဩဝါဒစကားမှကောက်နှုတ်ချက်
ဇွန်လ ၂၂ရက်
“သာသနာစတည်ထောင်ကတည်းကိုက သာသနာရဲ့ဖောင်ဒေးရှင်းကို ခန္တီဝါဒနဲ့ချခဲ့တာ ၊..အဲ့ဒါပျက်ရင် ဖောင်ဒေး ရှင်းပျက်ရင် အပေါ်က အဆောက်အဦလည်းပျက်သွားမယ်၊ construction လုပ်လို့မရတော့ဘူး”
“ရှင်မောဂ္ဂလာန်ပရိနိဗ္ဗာန်စံတော့အရှင်ဘုရားတို့သိတယ်၊ရာဇဂြိုလ်ပြည်မှာလူဆိုးငါးရာဝိုင်းရိုက်တာလေ၊ဘာပဋိပက္ခမှမဖြစ်ဘူး၊အဲ့ဒီပွဲကြီး”
“တပည့်တော်တို့ရဲ့သာသနာမှာ ရှင်မောဂ္ဂလာန်ရုပ်အလောင်းအကြောင်းပြုပြီးတော့ ပဋိပက္ခဘာမှမဖြစ်ခဲ့ဘူး၊ သံ ဃာတော်တွေလည်း ရုတ်ရုတ်အုတ်အုတ်ဘာမှမလုပ်ခဲ့ဘူး၊ငြိမ်းချမ်းစွာ ရှင်မောဂ္ဂလာန်ရဲ့ရုပ်အလောင်း သင်္ဂြိုလ် တဲ့ကိစ္စကြီးပြီးသွားတယ်၊”
“ဒီကနေ့ လိုအပ်ချက်အဓိကအရေးတကြီးလိုအပ်ချက်က ဒီကနေ့ဒီတိုင်းပြည်မှာ နံပါတ်တစ် သည်းခံခြင်း၊ နံပါတ် နှစ်က ခွင့်လွှတ်ခြင်း၊နောက်နံပါတ်သုံးကတော့ညီညွတ်ခြင်းပဲ”
“အားလုံးသောသံဃာတော်များခွင့်လွှတ်မူကြပါ၊မေ့ပျောက်အောင်ကြိုးစားတော်မူကြပါ၊သည်းခံတော်မူကြပါ၊သည်းခံတော်မူကြပါဆိုတာက just control the anger စိတ်ဆိုးမှုတွေကိုထိန်းတော်မူကြပါ၊ဒေါသတရားကို ထိန်း သိမ်းတော်မူကြပါ၊ဒါဘုရားသာသနာတော်မှာအဓိကကျတဲ့မိန့်ခွန်းတွေဖြစ်ပါတယ်”
“အေးအေးချမ်းချမ်း သည်းခံခြင်း၊ခွင့်လွှတ်ခြင်း၊မေ့ဖျောက်ခြင်းဖြင့် ဒီအမှုကိစ္စကြီးကိုပျောက်ပျက်အောင် နှလုံး သွင်းတော်မူကြပါဘုရား”
(လက်ရှိရွှေကျင်နိကာယရဲ့ သာသနာပိုင်ဆရာတော်ဖြစ်ပေမယ့် ရွှေကျင်နိကာယအလုပ်အမှုဆောင်ဆရာတော်နှ စ်ပါး ပစ်ခတ်ခံရတဲ့အပေါ် သည်းခံ၊ခွင့်လွှတ်၊မေ့ပျောက်ဖို့ကိုသာ သီတဂူဆရာတော်က အဓိကမိန့်ကြားခဲ့ပြီး စစ် ကောင်စီဘက်ကိုတော့တစုံတရာထုတ်ဖော်မိန့်ကြားတာမရှိပါဘူး။ဒီမိန့်ကြားချက်ကြောင့်သီတဂူဆရာတော်အပေါ်ဝေဖန်မှုတွေတိုးလာခဲ့ပါတယ်၊ရှင်မောဂ္ဂလာန်အရှင်မြတ်ရိုက်နှက်သတ်ဖြတ်ခံရတဲ့အကြောင်းမိန့်ခဲ့ပေမယ့် ကျူးလွန်ခဲ့တဲ့ လူဆိုးတွေနဲ့ ခိုင်းစေသူတွေကို အဇာတသတ်မင်းက ပြစ်ဒဏ်စီရင်ခဲ့ပုံကိုတော့ချန်လှပ်ထားခဲ့တယ် လို့ ထောက်ပြမှုတွေထွက်ပေါ်လာပါတယ်)
စစ်ကောင်စီသာသနာရေးဝန်ကြီး
စစ်ခေါင်းဆောင်ကိုယ်စားတောင်းပန်လျှောက်ထားမှုမှကောက်နုတ်ချက်
ဇွန်လ ၂၄ရက်
“ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါ လာသည့် မော်တော်ယာဉ်သည် သာသနာရေးနှင့်သက်ဆိုင်သည့် အမှတ်အသားများမပါရှိသည့် အရပ်ယာဉ်ဖြစ်ပြီး အရှိန်ပြင်းစွာမောင်းနှင်လာသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လုံခြုံရေးအရစစ်ဆေးရန်၊မှန်ချ မောင်း နှင်ရန်နှင့် ရပ်တန့်ရန် တားဆီးဆောင်ရွက်ခဲ့ကြပါသော်လည်း ဆက်လက်မောင်းနှင်သွားသည့်အတွက် ပစ် ခတ်မှု များဆောင်ရွက်ခဲ့ရခြင်းကြောင့် ဆရာတော်ကြီးကိုထိမှန်ပြီး ဘဝနတ်ထံပျံလွန်တော်မူသွားသည်ကို ဝမ်း နည်းဖွယ် သိရှိရပါသည်ဘုရား၊ ဖြစ်စဉ်နှင့်ပတ်သက်၍လည်း တပည့်တော်တို့အနေဖြင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ ဖော်ထုတ်ဆောင်ရွက်လျက်ရှိပါသည်ဘုရား၊ဖော်ထုတ်ရရှိချက်များ အပေါ်မူတည် ၍ အရေးယူဆောင်ရွက်မှုများကို အလေးထားလုပ်ဆောင်သွားမည်ဖြစ်ပါသည်ဘုရား”
(ဒီလိုတောင်းပန်လျှောက်ထားတဲ့အကြောင်းကိုတော့စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်နဲ့စစ်တပ်ပိုင် သတင်းဌာနတွေကနေ ဖော်ပြခဲ့တာမရှိပါဘူး)
ကြခတ်ဝိုင်းဆရာတော်
စစ်ခေါင်းဆောင်ကိုယ်စားလျှောက်ထားမှုအပေါ်တုံ့ပြန်မိန့်ကြားချက်
“လျှောက်ထားတဲ့အတွက်တော့သိရှိရပြီပေါ့လေ၊ဝမ်းနည်းဖွယ်ရာ၊ကြေကွဲဖွယ်ရာ….။ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး၊ဝမ်းနည်းပါတယ်၊ကြေကွဲပါတယ်၊ဒါပေမယ့်…..ဒါပဲပြောချင်တယ်”
(လက်ရှိ ဆဌမမြောက် ကြခတ်ဝိုင်းဆရာတော်ဟာ ဝင်းနိမ္မိတာရုံဆရာတော်နဲ့ သက်တော် ခြောက်နှစ်သာကွာတဲ့ ငယ်ဆရာတပါးဖြစ်သလို ပဥ္စမမြောက် ကြခတ်ဝိုင်းဆရာတော်ရဲ့လက်အောက်မှာ စာသင်သားဘဝကနေ စာချ ဆရာတော်တွေဖြစ်လာချိန်အထိ အတူသီတင်းသုံးခဲ့ကြတာဖြစ်ပါတယ်)
ဘဒ္ဒန္တတေဇောဘာသ(ဘုန်းကြီးဆွာ)
ဝင်းနိမ္မိတာရုံကျောင်းတိုက် တိုက်ကြပ်၊ဒုတိယတိုက်အုပ်ဆရာတော်ဟောင်း
ဆရာတော်ရဲ့ အန္တိမဈာပန နောက်ဆုံးနေ့ ကန်တော့တောင်းပန်ခြင်းအစီအစဉ်၌မိန့်ကြားမှုမှကောက်နုတ်ချက်
ဇွန်လ ၂၇ရက်
“ဆရာတော်ဘုရားကတော့ဘဝတလျှောက် အဓိပ္ပါယ်ရှိတဲ့ဘဝ၊မြင့်မြတ်တဲ့ဘဝ၊လှပတဲ့ဘဝပိုင်ရှင်ကြီးဖြစ်ခဲ့ ပေ မယ့်လို့ ဆရာမရှိတဲ့နောက်ပိုင်း တပည့်သံဃာတွေ၊တပည့်ဒကာ၊ဒကာမတွေအရာအားလုံးဆိတ်သုန်းပြီးတော့ အ ဓိပ္ပါယ်မဲ့တဲ့ဘဝတွေ….၊ဆရာကတော့ဒီကနေ့ဘဝနတ်နန်းမှာစံပျော်နေရပေမယ့်လို့ တပည့်တော်တို့ရဲ့ဘဝတ လျှောက်၊ဒကာ၊ဒကာမအပေါင်းသူတော်ကောင်းတွေရဲ့ဘဝတလျှောက် ဒီလိုဆရာမျိုးမရနိုင်တော့ဘူး၊ဒါကြောင့် ဆရာတော်ဆုံးမခဲ့တဲ့အတိုင်း ကာယအား၊ဥာဏအား၊ဓနအားတို့ဖြင့်ဆရာ့ခြေတော်ရင်းမှာဝပ်ဆင်းလို့ နောက်ဆုံး ကန်တော့နေရခြင်းပါ”
ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ရုပ်ကလာပ်ကိုမီးပူဇော်တဲ့ နောက်ဆုံး အန္တိမအဂ္ဂိဈာပနကို ဇွန်လ ၂၇ရက်ကကျင်းပ ခဲ့ပြီး ဆရာတော်ရဲ့ တပည့်သံဃာတော်တွေအများအပြားနဲ့ ပဲခူးမြို့ခံ ဒကာ၊ဒကာမသောင်းနဲ့ချီက မိုးထဲရေထဲမှာပဲ ပို့ဆောင်နှုတ်ဆက်ပူဇော်ခဲ့ကြပါတယ်။
ဒီဈာပနအခမ်းအနားကို ဝင်းနိမ္မိတာရုံစာသင်တိုက်က တိုက်ရိုက်ထုတ်လွှင့်ဖော်ပြတဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ်က ရုပ်သံတွေဟာလည်း ကြည့်ရှုမှု အကြိမ် နှစ်သန်းကျော်အထိရှိခဲ့ပါတယ်။
အလားတူ ဆရာတော်ရဲ့ အရိုးပြားတွေကို မျှောချဖို့ ဒီကနေ့ ပဲခူးမြို့ကနေ သိမ်ဇရပ် စစ်တောင်းမြစ်ကို ပင့် ဆောင်ခဲ့ရာ လမ်းတလျှောက်မှာလည်း ဒကာ၊ဒကာမတွေနဲ့သံဃာတွေက မိုးရေတွေကြားကပဲ လမ်းနံဘေး ဝဲ ယာကနေ ပူဇော်ကန့်တော့ခဲ့ကြ၊လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရပြီးပျံလွန်မှုကိုအကြောင်းပြုပြီး သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မှုတွေဟာလည်း ပိုမိုကျယ်ပြန့်လာနေပြီး လက်ရှိအထိ စစ်ကိုင်းတိုင်း အတွင်း ရှစ်မြို့နယ်ထက်မနည်းမှာရှိတဲ့ သံဃာတွေက သပိတ်မှောက်မှုတွေပြုလုပ်နေကြပါတယ်။
ပဲခူးမြို့က ထင်ရှားတဲ့ ပရိယတ္တိစာသင်တိုက်တခုဖြစ်တဲ့ ကြခတ်ဝိုင်းစာသင်တိုက် ပဥ္စမမြောက် ဆရာတော် လက် အောက်မှာ အသက် ၁၁နှစ်အရွယ် ရှင်သာမဏေအရွယ်ကတည်းက စတင် သီတင်းသုံးပညာသင်ကြားခဲ့ပြီး ဝင်းနိမ္မိတာရုံကျောင်းတိုက်ကိုတည်ထောင်ခဲ့တဲ့ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ သက်တော် ၇၈နှစ် သိက္ခာတော် ၅၈ဝါ ဇွန်လ ၁၉ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့်ပျံလွန်ခဲ့တာဖြစ်ပါတယ်။