အိန္ဒိယမှာရှိတဲ့ iPhone စက်ရုံက အိမ်ထောင်သည် အမျိုးသမီးတွေကို အလုပ်မခန့်ကြောင်း စွပ်စွဲမှုတွေ ကြုံနေ

ဇွန်၊ ၂၈

ပြည်တွင်းက iPhone ထုတ်လုပ်ရာ စက်ရုံမှာ အိမ်ထောင်သည် အမျိုးသမီးတွေကို အလုပ်မခန့်ဘူးဆိုတဲ့ စွပ်စွဲချက်တွေအပေါ် အိန္ဒိယ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။ 

တမီလ်နာဒူ ပြည်နယ်ထဲမှာ တည်ရှိပြီး အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး Appleအတွက် iPhoneတွေကို တာဝန်ယူ တည်ဆောက်ပေးနေတဲ့ Foxconn စက်ရုံဟာ အိမ်ထောင်သည် အမျိုးသမီးတွေ အလုပ်လျှောက်ထားမှုကို ပယ်ချခဲ့ကြောင်း စွပ်စွဲမှုတွေ ကြုံနေရပါတယ်။

ချန်နိုင်းမြို့နားမှာ ရှိနေတဲ့ စက်ရုံဟာ အိမ်ထောင်သည် အမျိုးသမီးတွေက အပျိုတွေနဲ့ ယှဉ်ရင် ဗာဟီရ ကိစ္စတွေ ပိုများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ခန့်လေ့ မရှိဘူးဆိုပြီး နာမည်ထွက်နေခဲ့တာပါ။

အခုတော့ အိန္ဒိယ ဖက်ဒရယ် အစိုးရရဲ့ အလုပ်သမား ဝန်ကြီးဌာနက ဒီကိစ္စကို စတင်ကိုင်တွယ် စုံစမ်းလာတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ဥပဒေတွေမှာတော့ အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းတွေ ခေါ်ယူ ခန့်အပ်မှုမှာ ဘယ်လို ခွဲခြားဆက်ဆံမှုမှ မရှိဖို့ ပြဋ္ဌာန်းပြီးသားလို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။

Foxconnကတော့ ဝန်ထမ်း ခန့်အပ်မှုတွေမှာ အိမ်ထောင်ရှိမရှိ ဆိုတဲ့အပေါ် မူတည်ပြီး ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် အပြင်းအထန် ငြင်းဆိုထားပါတယ်။ Applနဲ့ တမီလ်နာဒူ ပြည်နယ် အစိုးရတွေကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Foxconnဟာ Appleအတွက် iPhoneတွေ တပ်ဆင် ထုတ်လုပ်မှုကို တာဝန်ယူပေးနေတဲ့ အကြီးမားဆုံး မိတ်ဖက် ကုမ္ပဏီဖြစ်ပြီး တမီလ်နာဒူမှာ ၂၀၁၇ ကတည်းက စက်ရုံဖွင့်ထားခဲ့ပါတယ်။ အဲဒီနောက် လုပ်အားရင်းမြစ် ပေါများတဲ့ အိန္ဒိယမှာ Foxconnဟာ သီးခြား လုပ်ငန်းတွေ ပိုမိုချဲ့ထွင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

မနှစ်တုန်းက တမီလ်နာဒူမှာ ရှိနေတဲ့ စက်ရုံဟာ iPhone 15တွေကို စတင် တာဝန်ယူ တပ်ဆင် ထုတ်လုပ်ပေးလာခဲ့ပြီး Googleရဲ့ Pixel စမတ်ဖုန်းတွေကို ထုတ်လုပ်ပေးဖို့ အတွက်လည်း သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။

ကုမ္ပဏီက ဝန်ထမ်းငှားရမ်း ခန့်အပ်မှုမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ် ဆိုတာကို ငြင်းဆိုထားခဲ့ပြီး နောက်ဆုံးအသုတ် ဝန်ထမ်းသစ်တွေ ခန့်အပ်ရာမှာ အမျိုးသမီးတွေထဲက ၂၅ ရာခိုင်နှုန်းဟာ အိမ်ထောင်သည်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: BBC