နောင်ချို ခမရ ၁၁၅ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်မျိုးစုံ လေးရာဝန်းကျင်နဲ့ကျည်ငါးသောင်းကျော်ရ

Photo – TNLA

ဇွန်၊ ၂၇

ရှမ်းပြည်နယ် နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၁၁၅ စခန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့တိုက်ပွဲအတွင်း MA-သေနတ် အလက် ခုနစ်ဆယ်ကျော်အပါအဝင် လက်နက်မျိုးစုံ လေးရာဝန်းကျင်၊ကျည်မျိုးစုံ ငါးသောင်းကျော် သိမ်းဆည်းရမိတယ်လို့ တအာင်းတပ် TNLA ကပြောပါတယ်။

အဲ့ဒီတိုက်ပွဲကနေ သိမ်းဆည်းရရှိတဲ့ လက်နက်တွေထဲ  ၈၁မမ၊၆၀မမ၊RPG၊ငါးကြင်းမြှီးစက်သေနတ်၊ လေယာဉ် ပစ်သေနတ်လို့ လူသိများတဲ့ ပွိုင့်ဖိုက်သေနတ်တလက်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုင်ဆောင်လေ့ရှိတဲ့ MA- series သေနတ်တွေ၊G-3၊ ရိုင်ဖယ်နဲ့ကာဘိုင်သေနတ်တွေပါဝင်ပါတယ်။

ဒါ့အပြင် လက်နက်ငယ် ကျည်မျိုးစုံငါးသောင်းကျော်၊RPG နဲ့ ၆၀မမ၊၈၀မမ ကျည် မျိုးစုံ ငါးရာကျော်၊ဗုံးသီး၊မိုင်းနဲ့ စကားပြောစက်တွေလည်း သိမ်းဆည်းရရှိတယ်လို့ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာတာပါ။

အလားတူ နောင်ချိုမြို့ ကံ့ကော်စခန်းနဲ့ တခြား တပ်စခန်းတချို့ကနေလည်း လက်နက်မျိုးစုံငါးဆယ်ကျော် သိမ်းဆည်းနိုင်ခဲ့တာရှိပြီး အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးဆီကလည်း လက်နက်မျိုးစုံ ငါးဆယ် ကျော်သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး၊လေကြောင်းတွေသုံးပြီး အပြင်းအထန်ခုခံကာကွယ်ခဲ့တာရှိပေမယ့် TNLA နဲ့ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့အခြေစိုက်  ခမရ ၁၁၄၊၁၁၅စခန်း၊အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ထွေအုပ်ရုံး ရဲစခန်းတို့ အပါအဝင် စစ်ကောင်စီစခန်းတွေကိုသိမ်းပိုက်ပြီးမြို့ကို အပြည့်အဝထိန်းချုပ်ထားတယ်လို့ တော်လှန် ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

TNLA နဲ့ပူးပေါင်းတပ်တွေဟာ ဇွန်လ ၂၅ရက်ကစလို့ မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်အစပ်ဒေသတွေဖြစ်တဲ့ မိုးကုတ်၊ နောင်ချို၊မတ္တရာ၊ကျောက်မဲမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်နေတာဖြစ်ပြီး မနေ့ကတော့ မိုး မိတ်နဲ့ ပြင်ဦးလွင်မြို့နယ်တွေထဲအထိ တိုက်ပွဲကျယ်ပြန့်လာခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းလို့ တော်လှန်ရေးတပ်တွေဘက်ကဖော်ပြတဲ့ ဒီထိုးစစ်အတွင်း လက်ရှိအထိ နောင်ချိုနဲ့ကျောက်မဲမြို့တွေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။