ရခိုင်မြောက်ပိုင်းမြို့နယ်တချို့မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ MSFရပ်ဆိုင်း

Photo – MSF (ပုံစာ-ပြီးခဲ့တဲ့ဧပြီလက မီးရှို့ဖျက်ဆီးခံရတဲ့ ဘူးသီးတောင် MSFရုံးနဲ့ ဆေးဂိုဒေါင်)

ဇွန်၊ ၂၇

ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေ ပိုပြင်းထန်လာတာ၊ အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုတွေ လုပ်ဖို့ ကန့်သတ်ချက်များစွာ ရှိတာတို့ကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ရတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)ကဒီကနေ့ ဇွန်လ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။

MSF ဟာ ရခိုင်မြောက်ပိုင်းမှာ ရွေ့လျားဆေးခန်း ၁၄ ခု ဖွင့်လှစ်ပြီး ရခိုင်၊ ရိုဟင်ဂျာနဲ့ အခြားရွေးချယ်စရာ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းတွေကို လက်လှမ်းမမီတဲ့ လူနည်းစုအဖွဲ့များ အပါအဝင် လူမှုအသိုက်အဝန်းအားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရခိုင်ဒေသ တိုက်ပွဲတွေ စခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာလကစပြီး MSF  ရခိုင်ပြည်အလယ်ပိုင်းနဲ့ မြောက်ပိုင်း နေရာအများစုမှာ ပုံမှန်ကျန်းမာရေးဝန်ဆောင်မှုပေးအပ်တာတွေ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တော့ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေ စပြီးနောက်ပိုင်း လမ်းပိတ်ဆို့တာကြောင့် ဆေးရုံတွေဆီ မသွားနိုင်တာ၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက် ပစ္စည်းတွေ ရွှေ့ပြောင်းလို့ မရတာတို့ကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုတွေ ဆောင်ရွက်ဖို့ ကန့်သတ်ချက်များစွာ ကြုံတွေ့ခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် အလုံးစုံ ပျက်စီးမှုကို မျက်မြင်တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

လူမှုအသိုက်အဝန်းအားလုံးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ခွဲစိတ်ကုသမှုကဲ့သို့ ထပ်ဆင့်စောင့်ရှောက်မှုတွေ မရရှိကြတော့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားတွေ သေဆုံးတဲ့အထိ ဖြစ်ပွားတာတွေပါ ရှိခဲ့တယ်လို့လည်း MSF က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးမှုကြောင့်  ဘူးသီးတောင်မြို့ပေါ်ရှိ MSF ရဲ့ ဆေးဝါးသိုလှောင်ရာနေရာ ပျက်စီးခဲ့ရတဲ့အကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ထောက်ပြထားပါပြီး အဲဒီသိုလှောင်ရုံ ပျက်စီးမှုကြောင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအားလုံး လည်ပတ်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။

အဲဒီလိုအခြေအနေမှာ ပဋိပက္ခဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် အလွန်စိုးရိမ်တယ်လို့လည်း MSF က ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေစဖြစ်ပြီးနောက်ပိုင်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့အများစုဟာ သူတို့ရဲ့ ကူညီကယ်ကယ်ဆယ်ရေးလုပ် ငန်းတွေကို ရပ်နားခဲ့ကြရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ AA ထိုးစစ်ကြောင့် ဘူးသီးတောင်မြို့ကို လက်လွှတ်ရခါနီးချိန်တုန်းကလည်း မြို့ပေါ်ရှိ နယ်စည်းမခြားဆရာ၀န်များအသင်း(MSF)ရုံးခန်းနဲ့ လူနေအိမ်ထောင်ချီကို သူတို့လက်နက်တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာတွေနဲ့အတူ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမောင်တောမြို့နယ် ဝေသာလီကျေးရွာမှာ ရှိတဲ့ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ WFP ရဲ့ စားနှပ်ရိက္ခာဂိုဒေါင် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်နဲ့ပတ်သတ်လို့ AAတပ်ဖွဲ့တွေလုယူမှာစိုးလို့ စစ်တပ်နဲ့ပူးပေါင်းအဖွဲ့ကစားနှပ်ရိက္ခာတွေကိုသယ်ယူခဲ့တာလို့စစ်ကောင်စီဖက်ကဝန်ခံထားပါတယ်။

လူဦးရေခြောက်သောင်းကျော်အတွက် တလစာဖူလုံစေမယ့် အရေးပေါ်ရိက္ခာတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်ကို ဖောက်ထွင်း၊ လုယက်၊ မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်အပေါ်  ပြင်းထန်စွာ ရှုတ်ချတယ်လို့ WFPကထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ် မောင်တော၊ အမ်း၊ သံတွဲမြို့နယ်တို့မှာ အာရက္ခတပ်တာ်(AA)ကထိုးစစ်အပြင်းအထန်လုပ်နေတာဖြစ်ပါတယ်။