မိုးကုတ်တိုက်ပွဲမှာ ကိုရင်တပါးအပါအဝင် အရပ်သားလေးဦးထက်မနည်းသေဆုံး၊ဒဏ်ရာရသူတွေလည်းရှိ

Photo – Social Media

ဇွန်၊ ၂၇

မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကိုရင်တပါးအပါအဝင် အရပ်သား လေးဦးထက်မနည်းသေ ဆုံးခဲ့ပြီးဒဏ် ရာရသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မိုးကုတ်မြို့နယ် ချမ်းသာကြီးဘုရားတောင်ခြေက ဥယျာဉ်ဘုန်းတော်ကြီးကျောင်းထဲ ဒီကနေ့ညနေ ငါးနာရီခွဲ လောက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဘုရားဝတ်ပြုနေတဲ့ သံဃားတပါးနဲ့ ကိုရင်လေးပါးထိခိုက်ခဲ့ပြီး အဲ့ဒီအထဲက ကိုရင်တပါး ပျံလွန်သွားတယ်လို့ သိရပါတယ်။

“ဆေးရုံထိပွေ့သွားခဲ့တာပါ၊ဆေးရုံရောက်တော့ဆုံးပြီ၊သနားပါတယ်၊ကိုရင်လေးကငယ်သေးတယ်၊လည်ပင်းသွေး ပြန်ကြောထိတာဆိုတော့မကယ်လိုက်နိုင်ဘူး”လို့ လက်နက်ကြီးထိတဲ့ သံဃာနဲ့ကိုရင်တွေကို ကူညီပေးခဲ့တဲ့ မိုး ကုတ်မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ကျန်တဲ့ ဦးပဥ္ဇင်းတပါးနဲ့ ကိုရင်သုံးပါးကတော့ ဒဏ်ရာတွေရခဲ့ကြပေမယ့် ဆေးရုံမှာ ကုသမှုခံယူနေပြီး အသက် အန္တရာယ်မစိုးရိမ်ရတော့တဲ့အခြေအနေလို့ သိရပါတယ်။

အလားတူ ဒီကနေ့ တရက်တည်း မိုးကုတ်မြို့ အနောက်ပိုင်း လူးထနဲ့ကသဲရပ်တို့မှာ သက်ကြီးအမျိုးသမီးတဦးနဲ့ သတ်လတ်ပိုင်းအရွယ်အမျိုးသမီးတဦးစီ၊မိုးကုတ်အရှေ့ပိုင်း အောင်ချမ်းသာရပ်ကွက်က သက်ကြီးအမျိုးသမီးတဦး တို့ နေအိမ်ပေါ် လက်နက်ကြီးတွေကျပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

လက်ရှိမိုးကုတ်မြို့မှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေပြတ်တောက်နေတာကြောင့် မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်း အ ဆက်အသွယ် ပြတ်တောက်နေပြီး လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုန်းခိုနေထိုင်နေကြရ တယ်လို့ မိုးကုတ် အရှေ့ပိုင်းဒေသခံ လူငယ်တဦးက DNAကိုပြောပါတယ်။

“ဘုရားတပီး နေနေရပါတယ်၊ တော် တော်များများ ပိတ်မိနေပါတယ်”လို့ သူကပြောပါတယ်။

လက်ရှိမိုးကုတ်မြို့မှာ မြို့အရှေ့ခြမ်းရော အနောက်ခြမ်းမှာပါ တိုက်ပွဲတွေနဲ့ လက်နက်ကြီးလေကြောင်း တိုက်ခိုက် မှုတွေရှိနေသလို ထွက်ပေါက်လမ်းတွေဖြစ်တဲ့ မိုးကုတ်-မိုးမိတ် ၊ မိုးကုတ်-ပြင်ဦးလွင်၊မိုးကုတ်-မန္တလေး လမ်းသုံး လမ်းလုံးလည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် ထွက်ပေါက်မရှိတော့တာလို့ မိုးကုတ်မြို့ခံလူငယ်က ရှင်းပြ ပါတယ်။

တိုက်ပွဲတွေပြင်းထန်မလာခင်မန္တလေးမြို့ ဘက် တိမ်းရှောင် သွားသူတွေဟာလည်း လမ်းမှာပဲ ပိတ်မိနေကြ တယ်လို့ ဆိုပါတယ်။

“မန္တလေးတက်သွားတဲ့သူတွေကတော့ သုံးရက်ရှိပြီ၊ လက်ပံလှတို့ ရွှေညောင်ပင်တို့လို လမ်းမှာ ရှေ့ဆက်မရ နောက်ဆုတ်မရပိတ်မိနေကြတယ်၊မတ္တရာမြို့နယ်မှာလည်း တိုက်ပွဲတွေဖြစ်နေတော့”လို့ အထက်ပါ မိုးကုတ် မြို့ခံကပြောပါတယ်။

တအာင်းတပ် TNLA နဲ့ PDFအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ကျောက်မဲ၊နောင်ချို၊မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေအတွင်း ဇွန်လ ၂၅ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီကလည်း မြို့တွင်းတွေအထိ လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်နေတာပါ။ မိုးကုတ် မြို့မှာတော့ မြို့အနောက်ပိုင်းမှာ တိုက်ပွဲတွေစတင်ပြင်းထန်ခဲ့တဲ့ မနေ့ကတည်းက ကုန်စုံဆိုင်တွေမှာစား သောက် ကုန်နဲ့ ကုန်ခြောက်တွေ အလုအယက်ဝယ်ယူတာတွေရှိခဲ့တယ်လို့မိုးကုတ်မြို့ခံ လူငယ်ကအမျိုးသားကပြော ပါတယ်။

“ဓာတ်ဆီတို့ စားသောက်ကုန်တို့လည်း အဆမတန် စျေးတက်နေပါတယ်၊ဆိုင်တချို့လည်း တံခါးကိုအကုန်မဖွင့်ပဲ တခြမ်းဖွင့်ပီး ရောင်းနေရပါတယ်”လို့ သူကပြောပါတယ်။

တအာင်းတပ် TNLA ရဲ့ ဒီကနေ့ညနေပိုင်း စစ်ရေးသတင်းထုတ်ပြန်ချက်အရ မိုးကုတ်ရဲစခန်းကို တော်လှန်ရေးတပ် တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မိုးကုတ်မြို့နယ် အေးစေတီမှာတပ်စွဲထားတဲ့ ခလရ (၈၈)လက်အောက်ခံ လပခ၊ခလရ-၁၄၈ တပ်စခန်းတို့ကိုဒီကနေ့မနက်ပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။