Photo – PLF
ဇွန်၊ ၂၇
ဇွန်လ ၂၆ ရက်(မနေ့က) ကျင်းပခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PLF) ရဲ့ တပ်တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနားနဲ့ ပတ်သက်ပြီး ဗဟိုကော်မတီ ဥက္ကဌ သက်လွင်ဟိန်းက DNA ကတဆင့် ဧရာဝတီတိုင်းအတွင်းက လူထုကို ကတိစကားပြောခဲ့တာပါ။
“ကျွန်တော်တို့ အနေနဲ့ ဧရာဝတီ လူထုဘဝ လွတ်မြောက်ရေး နဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် အခြားမဟာမိတ် ဖိတ်ဖက် အင်အားစုတွေနဲ့ နိုင်ငံရေး စစ်ရေး ဟန်ချက်ညီညီ လက်တွဲ တိုက်ပွဲဝင်နိုင်ရေး ၊ ညီညွှတ်ရေးတွေ အတွက် ဆက်လက်ကြိုးစားသွားပါမယ်” လို့ ပြောပါတယ်။
ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ PLF ကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ကျောင်းသားသမဂ္ဂ(ဗကသ၊တကသ)တွေက ရဲဘော်တွေ၊ ရဲဘော်ဟောင်းတွေ၊ ကျောင်းသားလူငယ်တွေ၊ လယ်သမားတွေ ၊ အလုပ်သမားနဲ့ နိုင်ငံဝန်ထမ်းတွေ စတဲ့ လူထုလူတန်းစား အလွှာပေါင်းစုံနဲ့ ဖွဲ့စည်းထားတယ်လို့ ရပ်တည်ချက် ကြေညာစာတမ်းမှာ ဖေါ်ပြထားပါတယ် ။ တပ်တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနားကိုတော့ လွတ်မြောက်ဧရိယာတခုက လင်းယုန်ကွင်းဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
“ သုံးနှစ်တာ ဖြတ်သန်းခဲ့တဲ့ အချိန်မှာ အားပေးထောက်ခံ ကူညီခဲ့တဲ့ လူထုကို ကျေးဇူးတင်ရှိပါတယ် ။ ဧရာဝတီက ပြည်သူလူထုတွေ အနေနဲ့လည်း ဖြစ်ပေါ်နေတဲ့ စစ်ရေးနိုင်ငံရေး အခြေအနေတွေကို မျက်ခြေမပြတ်ပဲ လေ့လာသုံးသပ်ကြဖို့ နဲ့ ရန်သူစစ်ကောင်စီက အထောင်အထည်ဖေါ်နေတဲ့ စစ်မှုထမ်း ဥပဒေနဲ့ ဖိနှိပ်မှုတွေအောက်မှာ တော်လှန်ရေး သတိရှိရှိ သွားလာနေထိုင်ကြဖို့” ဗဟိုကော်တီ ဥက္ကဌ သက်လွင်ဟိန်းက တိုက်တွန်းခဲ့ပါတယ်။
PLF ရဲ့ သုံးနှစ်ပြည့် အခမ်းအနားအတွက် စစ်ရေး ၊ နိုင်ငံရေး မဟာမိတ်တွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ကြတာကို PLF ရဲ့ Facebook Page မှာ ဖေါ်ပြထားတာ တွေ့ရပါတယ် ။ သဝဏ်လွှာ ပေးပို့တဲ့ အဖွဲ့တွေထဲက တဖွဲ့ဖြစ်တဲ့ အရှိုချင်း ကာကွယ်ရေးတပ် ရဲ့ သဝဏ်လွှာမှာ ပြည်သူ့လွတ်မြောက်ရေးတပ် တည်ထောင်ခြင်းနေ့ဟာ နောင်တော်ကျောင်းသားကြီး ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့တဲ့ နေ့နဲ့ ထပ်တူဖြစ်နေတာကို သတိထားလိုက်မိကြောင်း ၊အဲဒါကြောင့် အရှိုချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးက စစ်အာဏာရှင်တွေကို “မင်းတို့ငါ့ရဲ့ ခန္ဓာကိုယ်သာ သတ်လို့ရမယ် ၊ ငါ့ယုံကြည်ချက်နှင့် ရပ်တည်ချက်ကို ဘယ်တော့မှ သတ်လို့မရဘူး ။ မင်းတို့ စစ်ဖိနပ်အောက်မှာ ဘယ်တော့မှ ဒူးမထောက်ဘူးကွ”လို့ ကြွေးကြော်ခဲ့တာကို ကိုးကားပြီး PLF အနေနဲ့ ယုံကြည်ချက် နဲ့ ရပ်တည်ချက်ကို စွဲကိုင်ပြီး တော်လှန်ရေးခရီးကြမ်းကို အဆုံးထိ အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့ ဆုတောင်းပေးထားတာကို တွေ့ရပါတယ် ။