ဇွန်၊ ၂၆
ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်ကနေ မြောက်ကိုရီးယား စစ်သားတွေ ဝင်ရောက်ကူညီ တိုက်ခိုက်မယ်ဆိုရင် အကုန် အမြောက်စာ ဖြစ်ကုန်လိမ့်မယ်လို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က သတိပေးလိုက်ပါတယ်။
ပင်တဂွန်ရဲ့ ပြန်ကြားရေး အရာရှိ ဗိုလ်ချုပ် ပတ်ရိုင်ဒါက သူသာ မြောက်ကိုရီးယားရဲ့ စစ်တပ်ကို စီမံခန့်ခွဲရတဲ့ အရာရှိ တယောက် ဖြစ်ခဲ့မယ်ဆိုရင် တရားမဝင်တဲ့ ကျူးကျော်စစ်ပွဲ တခုမှာ ကိုယ့်တပ်ဖွဲ့ဝင်တွေကို အမြောက်စာ အဖြစ်ခံပြီး ပါဝင် တိုက်ခိုက်စေမလား ဆိုတာကို ပြန်စဉ်းစားသွားမှာ သေချာတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား ကာကွယ်ရေး သဘောတူ စာချုပ်တရပ် ချုပ်ဆိုပြီးတဲ့နောက် မြောက်ကိုရီးယားဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားထိန်းချုပ်ထားရာ ဒွန်းညက်စ်ခ် ဒေသဆီ အင်ဂျင်နီယာတပ်ဖွဲ့တခု စေလွှတ်ဖို့ စီစဉ်နေကြောင်း ကောလာဟလတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ရိုင်ဒါက အခုလို ပြောကြားခဲ့တာပါ။
တောင်ကိုရီးယား အစိုးရ အရာရှိ တယောက်ကို ကိုးကားပြီး Chosun သတင်းဌာနက မြောက်ကိုရီးယားဟာ စစ်မြေပြင်မှာ တည်ဆောက်ရေးနဲ့ အင်ဂျင်နီယာရေးရာ ကိစ္စတွေ တာဝန်ယူရတဲ့ တပ်ဖွဲ့တခုကို နောက်လထဲမှာတင် စေလွှတ်ဖွယ် ရှိနေပြီး ရုရှားရဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေမှာ အကူအညီ ပေးသွားနိုင်ခြေ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အခုလလယ်လောက်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု စာချုပ်တခုကို လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ပနိုင်ငံတွေနဲ့ စစ်ဖြစ်ရင် အပြန်အလှန် ကူညီဖို့ ကတိထားရှိခဲ့ပါတယ်။ အဲဒီ လုပ်ဆောင်ချက်အပေါ် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့က အပြင်းအထန် ကန့်ကွက်ခဲ့သလို တောင်ကိုရီးယားကလည်း အဲဒီစာချုပ်ကြောင့် ယူကရိန်းဆီ လက်နက် ထောက်ပံ့ပေးပြီး တန်ပြန်ဖို့ စဉ်းစားနေကြောင်း သတိပေးခဲ့ပါတယ်။
ရိုင်ဒါက ယူကရိန်း စစ်မြေပြင်ဆီ မြောက်ကိုရီးယားတပ်တွေ တကယ်ပဲ ပို့ဆောင်မလား ဆိုတာကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေမယ်လို့လည်း ပြောကြားသွားပါတယ်။
Ref: Business Insider