ကျောက်မဲအခြေစိုက်စကခ (၁) လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၇ ဦး TNLA ဆီ လက်နက်ချ

Photo – TNLA

ဇွန် ၊ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက် အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး သူတို့တပ်ဖွဲ့ထံ ​ဒီကနေ့ နေ့လယ်ပိုင်းမှာ လက်နက်ချအညံ့ခံခဲ့တယ်လို့ တအာင်းတပ်(PSLF/TNLA) က ရုပ်သံမှတ်တမ်းနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အတူ လက်နက်ခဲယမ်းတွေကိုလည်း TNLA ဘက်က သိမ်းဆည်းရမိခဲ့ပြီး ဘယ်တိုက်ပွဲမှာ သိမ်းဆည်းရမိခဲ့လဲဆိုတာကိုတော့ အတိအကျမသိရပါဘူး။ ကျောက်မဲမြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက မနေ့ကစလို့ တကျော့ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

ထိုးစစ်ပထမရက်အတွင်းမှာပဲ ငြိမ်းချမ်းရေးကုန်း၊ ခရိုင်ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို TNLA ဘက်က သိမ်းပိုက်နိုင်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ စခန်းသာ၊ အမှတ် ၃၅၂ အမြောက်တပ်ရင်းနဲ့ မြို့မရဲစခန်းတွေဘက်မှာ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

Photo – TNLA

“မနေ့က နေ့လယ်ပိုင်းမှာတော့ လေယာဥ်တနေကုန်ဝဲတာ၊ ပြီးတာနဲ့ ပစ်သံကြားတာပဲ၊ လေယာဥ်ကနေပ်တာလား၊ လက်နက်ကြီးပစ်တာလား မသိဘူး” လို့လည်း ကျောက်မဲမြို့ခံတဦးက DNA ကို ပြောပါတယ်။

 

လက်ရှိအချိန်ထိလည်း ကျောက်မဲမြို့တွင်း နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေပြီး မြို့ခံတချို့လည်း ပိတ်မိနေတာတွေရှိနေပါတယ်။

“ပေးမထွက်တာမျိုးတော့ မဟုတ်ဘူး၊ ထွက်လိုက်ရင် လက်နက်ငယ်တွေ(ပစ်နေတာ)နဲ့ ဆိုတော့ မထွက်ရဲဘူးဖြစ်နေတာ” လို့လည်း ကျောက်မဲမြို့ခံက ပြောပါတယ်။  ကျောက်မဲမြို့ပေါ်က နှစ်ရက်တာတိုက်ပွဲအတွင်းမှာတော့ သေဆုံးခဲ့တဲ့အရပ်သားလည်း လေးဦးထက်မနည်းရှိပြီလို့သိရပါတယ်။

ကျောက်မဲမြို့ပေါ်နဲ့ အနီးတဝိုက်မှာ စကခ (၁) အပြင် စစ်ကောင်စီရဲ့ တခြားတပ်ရင်း သုံးရင်းထက်မနည်းလည်း အခြေစိုက်ထားပါတယ်။

ကျောက်မဲမြို့ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ သီပေါ၊ နောင်ချိုနဲ့ မိုးကုတ်မြို့တွေဘက်မှာလည်း မနေ့ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ရှိနေပြီး နောင်ချိုမြို့ကိုတော့ TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်း ချုပ်ထားနိုင်ပြီလို့ သိရပါတယ်။