မောင်တောရှိ စားနပ်ရိက္ခာဂိုဒေါင် မီးရှို့ဖျက်ဆီးခံရမှု WFPရှုတ်ချ

  Photo – AA Info Desk

ဇွန်၊ ၂၆

လူဦးရေခြောက်သောင်းကျော်အတွက် တလစာဖူလုံစေမယ့် အရေးပေါ်ရိက္ခာတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်ကို ဖောက်ထွင်း၊ လုယက်၊ မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်အပေါ်  ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့(WFP) က မနေ့က ထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ် ဝေသာလီကျေးရွာမှာ ရှိတဲ့ WFP ရဲ့ စားနပ်ရိက္ခာဂိုဒေါင် မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီဂိုဒေါင်ထဲမှာ အရေးပေါ်ကယ်ဆယ်ရေးရိက္ခာစုစုပေါင်း ၁၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားခဲ့တယ်လို့ WFP က ဆိုပါတယ်။

အဲဒီဂိုဒေါင်ထဲမှ ပစ္စည်းတွေကို ဖောက် ထွင်းလုယူခဲ့သူတွေဟာ ဘယ်သူတွေဖြစ်တယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြမထားပေမယ့် အနီး၀န်းကျင်ရှိ ဒေသခံတွေနဲ့ အာရက္ခတပ်တော်(AA) တို့ကတော့ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာတွေရဲ့လက်ချက်လို့ ဆိုပါတယ်။

“ဆန်တွေ စစ်တပ်က ရောင်းစားပစ်တယ်၊ မီးရှို့တာလည်း စစ်တပ်ကပဲ ရှို့တာပါ၊ မူဆလင်တွေလည်း ပါတယ်၊ အဲနားမှာ မြင်လိုက်တဲ့သူတွေရှိကြတယ်” လို့ မောင်တောဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

အဲဒီ WFP ကုန်လှောင်ရုံကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ မောင်တောမြို့နယ် လေးမိုင်မှာ အခြေစိုက်နေခဲ့တဲ့  နခခ(၂)မှ တပ်ဆုပ်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခဲ့တာဖြစ်ပြီး ကုန်လှောင်ရုံကိုပါ မီးရှို့၊ ဖျက်ဆီးခဲ့ကြတာလို့ အဆိုပါဒေသခံက ပြောပါတယ်။

WFP ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုးမြင့်လာတဲ့ ပဋိပက္ခများတွေကြောင့် ပြီးခဲ့တဲ့ မေလနှောင်းပိုင်းကတည်းက မောင်တော ဝေသာလီရွာရှိ သိုလှောင်ရုံဆီ သွားရောက်နိုင်ခြင်း မရှိခဲ့တာလို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၀နျထမျးတှေ ရောက်မလာတော့တဲ့နောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ WFP ကုန်လှောင်ရုံထဲမှ ရိက္ခာတွေကို မကြာခဏ ဖောက်ထွင်းခိုးယူ ရောင်းစားနေခဲ့ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အရင်ကတည်းက ဂိုဒေါင်ထဲက ရိက္ခာတွေ ခဏခဏ ယူနေတာ၊ အခုကျတော့ အကုန်မီးပါ ရှို့သွားခဲ့ကြတာ” လို့ မောင်တောဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားတဲ့ AA ရဲ့ (ဒရုန်းနဲ့ ရိုက်ထားတဲ့)ရုပ်သံဖိုင်ထဲမှာလည်း ဂိုဒေါင်ထဲမှ ပစ္စည်းတွေကို လူတချို့ သယ်ထုတ်နေတာ၊ ဂိုဒေါင် မီးလောင်နေတာတွေကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရိုဟင်ဂျာလက်နက် ကိုင်တွေဟာ ဝေသာလီရွာမှာရှိတဲ့ WFP ဂိုဒေါင်ကို ဖျက်ဆီးခဲ့တဲ့အပြင် လူနေအိမ်အချို့ကိုလည်း မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ AA က ဆိုပါတယ်။

ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအဖွဲ့အားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေပါ တာဝန်ဝတ္တရားတွေကို လိုက်နာကြဖို့ တောင်းဆိုတယ်လို့ ဂိုဒေါင်မီးရှို့ခံရတဲ့ ဖြစ်စဉ်နဲ့ ပက်သက်တဲ့ WFP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၎င်းတို့အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေနဲ့ အဆောက်အဦးတွေကို လေးစား၊ ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး အကူအညီအရေးတကြီးလိုအပ်နေသူတွေဆီ အရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေ ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ သွားရောက်ပေးအပ်ခွင့်ရနိုင်စေဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း WFP က ဆိုပါတယ်။

WFP ဟာ ကုသမဂ္ဂရဲ့ လက်အောက်ခံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးအဖွဲ့အစည်းတခုဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ AA ထိုးစစ်ကြောင့် ဘူးသီးတောင်မြို့ကို လက်လွှတ်ရခါနီးချိန်တုန်းကလည်း မြို့ပေါ်ရှိ နယ်စည်းမခြားဆရာ၀န်များအသင်း(MSF)ရုံးခန်းနဲ့ လူနေအိမ်ထောင်ချီကို သူတို့လက်နက်တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာတွေနဲ့အတူ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

WFP ကုန်လှောင်ဂိုဒေါင် မီးရှို့ခံရတဲ့ မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်းနှစ်ခုသာ ကျန်တော့ကာ မြိုနယ်တခုလုံး AA လက်ထဲ ရောက်ဖို့ လက်တကမ်းသာ လိုတော့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။