ထုံးစံအတိုင်းသာလုပ်

ဇွန်၊ ၂၆

(မအလ – ဇော်မဲလုံး နှစ်ပါးခွင်)
“သတ်မတော် ကာကွယ်ရေးဦးစီးချုပ် သူခိုးမဟာသရေစည်သူ သူခိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မအလ” ဟူသော ဆိုင်းဘုတ်ချိတ်ဆွဲထားသည့်အခန်းတံခါးအား တွန်းဖွင့်ကာ ဇော်မဲလုံးတယောက် ချိတ်ထဘီစွန်တောင်ဆွဲလျက် ခပ်သုတ်သုတ် ဝင်သွားသည်။
အနှီအခန်းတွင်းရှိ စားပွဲခုံမှာတော့ ဆိုင်းဘုတ်ပေါ်က အမည်ရှင်သတ်ချုပ်မအလ ရှိနေ၏။ ခေါင်းကိုငုံ့လျက် ဖုန်းပွတ် နေရာမှ ဇော်မဲလုံးဝင်လာသံကြားသဖြင့် မော့ကြည့်ကာ စကားဆိုသည်။
“ဘာကိစ္စအရေးပေါ်ပြန်ပြီလဲ”
ထိုအခါ ဇော်မဲလုံးက –
“ဒီ…ဒီလိုပါ အဘ…အာ့ကျကျ။ အခု…အခု ဒေါ်လာစျေးတွေက ဘယ်လိုမှ ထိန်းမရအောင်…အာ့ကျကျ…တက်နေ လို့ပါ”
“ဟ…မင်းတို့ဟာကလည်း မဟုတ်သေးဘူးလေ။ အဲဒီဒေါ်လာတွေ ထိန်းမရလို့ဆိုပြီး ဘဏ်ထဲကဟာတွေပါ ထုတ် ရောင်းပေးပါပြောလို့ ငါခွင့်ပြုပေးထားတာ မနည်းဘူးလေ။ ဒါလည်း မထိန်းနိုင်သေးဘူးလား”
“ဟုတ်…ဟုတ်ကဲ့ပါအဘ။ အဲဒါတင်မက ကျွန်တော်တို့ အုထား၊ လုထားတဲ့ဟာတွေထဲကပါ ထုတ်ရောင်းပေးနေတာ ကုန်သလောက်ရှိနေပြီ။ အဲဒါလည်း ထိန်းမရလို့ပါ”
“ဟ…ငါ့တို့ထဲကဟာတော့ အပါအခံနဲ့လေ”
“ဟုတ်ကဲ့ပါအဘ။ အာ့ကြောင့် အခုလို အဘဆီ အရေးတကြီးလာတွေ့တာပါ”
“အဲဒါဆိုလည်း ထုံးစံအတိုင်းသာလုပ်လိုက်ပေါ့ကွာ”
“ဟုတ်ကဲ့…ပြီးတော့”
သတ်ချုပ်မအလ ဖုန်းဆက်ပွတ်ရန်ဟန်ပြင်ဆဲမှာပဲ ဇော်မဲလုံးထံမှ စကားသံထပ်မံကြားရသဖြင့် ခေါင်းပြန်မော့ ကြည့်၏။
“ပြီးတော့လေ ရွှေစျေးတွေလည်း ထိန်းမရလို့ပါ အဘ”
“အဲဒါလည်း ထုံးစံအတိုင်းသာလုပ်လိုက်”
ထိုသို့ပြောပြီး သတ်ချုပ်မအလ ခေါင်းပြန်ငုံ့သည်။ ဇော်မဲလုံးကတော့ မပြီးသေး။
“ပြီးတော့”
သတ်ချုပ်မအလ နည်းနည်းတော့ တင်းလာချေပြီ။ မေးကိုဆတ်ပြကာ စကားကိုဆက်ရန်အချက်ပြ၏။
“ဆန်စျေး၊ ဆီစျေးတွေကလည်း ထိန်းမရလို့ပါ”
“ထုံးစံအတိုင်းသာလုပ်”
“အဲ…ပြီးတော့”
သတ်ချုပ်မအလ စိတ်မရှည်တော့။ ဇော်မဲလုံး၏ မပြီးနိုင်၊ မစီးနိုင်သော “ပြီးတော့…ပြီးတော့” ဆိုသည့်စကားများ အပေါ် ဒေါသထွက်လေပြီ။
“မင်းဟာကလည်း ပြီးတော့…ပြီးတော့နဲ့ ပြီးမပြီးနိုင်တော့ဘူး။ တင်ပြစရာရှိတာ အကုန်တင်ပြကွာ။ ကြာတယ်”
“ဟုတ်ကဲ့ပါအဘ။ ကုန်စျေးနှုန်းတွေကလည်း ထိန်းမရအောင်ဖြစ်နေပါတယ်…အဘ”
“ဟ…အဲဒီကုန်စျေးနှုန်းတွေနဲ့ပတ်သက်ပြီး စျေးတကာလှည့်လော်နဲ့အော်ပြီး ထိန်းကြဖို့ ငါညွှန်ကြားထားတယ်လေ။ အဲဒါ မလုပ်ကြဘူးလား”
“လုပ်…လုပ်ပါတယ်အဘ။ ဒါပေမဲ့ အခုဆို ကုန်စျေးနှုန်းက အဘကိုရော၊ လော်ကိုရော ဂရုမစိုက်တော့လို့ပါ”
“ကိုင်း…ဒါဖြင့်လည်း ထုံးစံအတိုင်းသာလုပ်တော့ပေါ့”
“ဟုတ်ကဲ့အဘ…ပြီးတော့”
“တော်တိတ်… မင့်ရဲ့ ပြီးတော့ဆိုတာတွေက ပြီးကို မပြီးတော့ဘူး။ ဘာကြီးဖြစ်နေနေ ထုံးစံအတိုင်းသာလုပ်ကွာ။ ငါ့ဆီလာတင်ပြမနေနဲ့တော့။ အာရုံနောက်တယ်။ ဖုန်းအပွတ်ပျက်တယ်”
သတ်ချုပ်စကားဆုံးသည်နှင့် “ဟုတ်ကဲ့ပါအဘ”ဟုဆိုကာ ဇော်မဲလုံးတယောက် သူ့အခန်းသို့ပြန်ကာ အဘမှာကြား သည့် ထုံးစံအတိုင်းများလုပ်ဆောင်ရန် သူ၏တပဲ့တပန်းများဖြင့် အလုပ်ရှုပ်နေလေ၏။ ထိုသို့ အလုပ်ရှုပ်နေခိုက် သူ့တပဲ့တယောက်အပြေးတပိုင်းဖြင့် ရုံးခန်းအတွင်း ဝင်လာကာ အနားနားကပ်၍ နှစ်ကိုယ်ကြားရုံစကားတိုးတိုး ဆိုသည်။ ထိုစကားကြားပြီးပြီးချင်းမှာပင် ဇော်မဲလုံးတယောက် သူ၏အဘ သတ်ချုပ်ရှိရာအခန်းဆီ ကသုတ်ကရက် ဖြင့် ဝင်ပြေးသွားပြန်တော့သည်။
“အဘ”
စားပွဲမှာထိုင်လျက် ထုံးစံအတိုင်း ဖုန်းပွတ်နေသောသတ်ချုပ်မအလ ခေါင်းမော့ကြည့်သည်။ “သင်း… လာပြန်ပြီ လား” ဆိုသည့်အဓိပ္ပာယ်ပါသောအကြည့်ဖြင့်ဖြစ်၏။ ထို့နောက်
“မင့်ကိစ္စတွေက မပြီးတော့ဘူးလား”
“အခုက ဘရိကင်းနယူးမို့လို့ပါအဘ။ သည်းခံ…ခွင့်လွှတ်…မေ့ဖျောက်ပေးပါဘုရား”
“သာဓု…သာဓု…သာဓု။ အော်လေ…မင်းလုပ်တာနဲ့ ငါတောင်ယောင်ကုန်ပြီ။ ပြောကိစ္စက ဘာတုန်း”
ထိုအခါဇော်မဲလုံးလည်း သူ၏ဆရာသတ်ချုပ်အနားသို့ကပ်ကာ ခပ်တိုးတိုးစကားဆိုသည်။
“ဟာကွာ…ဒါလေးများကွာ ငါ့ကိုလာပြီး ဘရိကင်းတွေဘာတွေလာလုပ်ပြီး စားနေတယ်။ မင်းတို့၊ ငါတို့အတွက် ဘုန်းကြီးသတ်တယ်၊ သံဃာသတ်တယ်၊ ကလေး၊ လူကြီးသတ်တယ်ဆိုတာ ဘာဆန်းတော့လို့လဲ။ ရိုးတာမှ ဟိုဘက် တောင်လွန်နေသေးမဟုတ်လား။ ဒန်တွေဝယ်တယ်၊ ကြေးတွေဝယ်တယ်ဆိုတဲ့ကောင်တွေကအမှ အခု ဟန်းဆက် အပျက်တွေဝယ်တယ်။ လပ်ပတော့အပျက်တွေ ဝယ်တယ်ဆိုပြီး ပြောင်းသွားသေး။ ငါတို့က ပြောင်းလို့လား။ အဆန်းလုပ်လို့ကွာ။ သွားသွား…ဒီမှာ ဂိမ်းအဆော့ ပျက်တယ်”
ထိုအခါ ဇော်မဲလုံးလည်း ပြာပြာသလဲဖြင့်စကားကို အတင်းလုကာပြောရပြန်သည်။
“အခုက မတူဘူးအဘ။ အခုသတ်လိုက်ကြတာ သာမညောင်ညဘုန်းကြီးမဟုတ်လို့ ပြောနေရတာ။ သာမညောင်ည ဆို ပြောမနေဘူး…အဘ။ အခုက ထေကြီးဝါကြီးနာမည်ကြီးထဲကမို့ ခက်ကုန်တာ…အဘ”
ထိုစကားကြားမှ သတ်ချုပ်မအလလည်း အနည်းငယ်လန့်သွားကာ ကပျာကယာစကားဆိုသည်။
“ဘယ်လို…ဘယ်လို။ ဘယ်ဆရာတော်လည်း မြန်မြန်ပြောစမ်း”
ထိုအခါမှ ဇော်မဲလုံးလည်း ဖောကားပေါ်က သူတို့၏ခြင်းကြားစစ်သားဇွတ်ကျားများက ဆရာတော်ကြီးတွေလိုက်ပါ စီးနင်းလာသည့်ကားကို ရွပ်ရွပ်ချွံချွံ၊ ကားကုတ်ကျားခဲ၊ အားသွန်ခွန်စိုက် မည်သို့မည်ပုံလိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့ သည်ကို အသေးစိတ်ရှင်းပြလိုက်ပါတော့သည်။
“အဲ့…အဲ့လိုကြီးလား။ အဲ့…အဲ့လိုပေါ်…ပေါ်တင်ကြီးလား”
ဒီတစ်ကြိမ်အထစ်အထစ်ဖြစ်ရသူမှာ အာ့ကျကျမဟုတ်တော့ဘဲ သတ်ချုပ်မအလဖြစ်နေတော့သည်။
“ပေါ်တင်ကြီးပေါ့ အဘရဲ့။ ဘူမသိကိုးမသိတင်မက စပိတ်လည်းမသိ ညှင်းလည်းမသိတဲ့ အဘသားတွေ ရမ်းချက် ဆိုတာ”
ထိုအခါမှ သတ်ချုပ်မအလလည်း ဇော်မဲလုံး၏ ပါးစပ်အား ပြေးအုပ်ကာ “တိုးတိုးပြောပါကွ” ဟုဆိုသည်။ ထို့နောက် ဘေးဘီကို ဝေ့ကြည့်လျက် ခပ်တိုးတိုးစကားဆိုသည်။
“လွှဲချနေကျထုံးစံအတိုင်း PDF တွေ ပစ်တာလို့ သတင်းထုတ်လိုက်။ အဲဒါဆို ငါတို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ”
ထိုစကားကြားပြီးနောက် ဇော်မဲလုံးသည် မိမိ၏ခေါင်းအား ဖြည်းညင်းစွာခါရမ်းလျက်
“အဲဒီနည်း အဘသုံးခိုင်းမှာသိလို့ လုပ်ပြီးပြီ။ အရာမရောက်ဘူး။ အဲ့ကားပေါ်ပါတဲ့ ဆရာတော်တပါးက အဖြစ်မှန်ကို ဖွင့်ချလိုက်ပြီ”
ထိုအခါ သတ်ချုပ်မအလခေါင်းမှ ရှိစုမဲ့စုအမွှေးသုံးလေးပင်ထောင်တက်သွားတော့သည်။ ထို့နောက်
“မထူးတော့ဘူး။ ဒါဆိုရင်တော့ ထုံးစံအတိုင်းရဲ့ ထုံးစံအတိုင်းသာလုပ်လိုက်တော့”
သတ်ချုပ်မအလ၏ စကားအဆုံး ဇော်မဲလုံးလည်း “ဟုတ်ကဲ့အဘ”ဟုပြောကာ သူ့ရုံးခန်းသို့ ချိတ်ထဘီကို ခါးတောင်းကျိုက်ကာ ပြန်သွားတော့သည်။
နောက်ရက်မှာတော့ သင်းတို့၏ မီဒီညာများဖြစ်သည့် ဓမြဝတီနှင့် မြန်မာ့အမှောင်တို့မှ သတင်းထုတ်ပြန်ချက်များ ဆက်တိုက်ဆိုသလို တန်းစီထွက်လာခဲ့တော့သည်။
သတင်းထုတ်ပြန်ချက် (၁)
– ဒေါ်လာငွေ၊ ရွှေနှင့် အိမ်ခြံမြေစျေးများ မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် မိုနိုပိုလီဆော့ကစားနေသူ တစုအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဖော်ထုတ်ဖမ်းဆီး။ ဆက်စပ်သူများအား ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ရေး ကြိုးပမ်းလျက်ရှိ။
သတင်းထုတ်ပြန်ချက် (၂)
– ဆန်စျေး၊ ဆီစျေးများ မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ထမင်းတနှပ်လျှော့မစားသူလူတစုအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပိုက်စိတ်တိုက်ရှာဖွေဖော်ထုတ်ဖမ်းဆီးရရှိ။ ဆက်စပ်သူများအား ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ရေးကြိုးပမ်းလျက်ရှိ။
သတင်းထုတ်ပြန်ချက် (၃)
– ကုန်စျေးနှုန်းတည်ငြိမ်စေရေး မိမိတို့ဘက်မှ စျေးတကာလှည့်ကာ လော်စပီကာများဖြင့်အော်၍ စျေးနှုန်း ထိန်းသိမ်းနေပါသော်လည်း စျေးမတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ရပ်ကွက်အတွင်း လှည့်လည် ရောင်းချလျက်ရှိသော ခေါင်းရွက်ဗျပ်ထိုးစျေးသည်တစုအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စုံစမ်း ဖော်ထုတ်ဖမ်းဆီးရရှိ။ ဆက်စပ်သူများအား ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကြိုးပမ်းလျက်ရှိ။ နောက် နောင် ရပ်ကွက်အတွင်း လှည့်လည်ရောင်းချမည်ဆိုပါက လိုင်စင်ပြုလုပ်ပြီးမှသာ ရောင်းချခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း ပူးတွဲကြေညာ။
သတင်းထုတ်ပြန်ချက် (၄)
– ငါန်းဇွန်အနီးတွင် သံဃာတော်များလိုက်ပါစီးနင်းလာသည့်ကားအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဝိုင်းဝန်းပစ်ခတ်သဖြင့် သံဃာတပါး ဘဝနတ်ထံပျံလွန်တော်မူ။ ကျူးလွန်သူတို့မှာ နေပြည်တော် စစ်ရုံးချုပ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားပါသဖြင့် လက်ရဖမ်းဆီးရရှိရေး အဆင့်မြင့်အရာရှိကြီးများ ပါဝင်သောအဖွဲ့ဖွဲ့စည်းကာ ကြိုးပမ်းရှာဖွေလျက်ရှိ။
အထူးသတင်းထုတ်ပြန်ချက်
– သတင်းထုတ်ပြန်ချက် (၁)၊ (၂)၊ (၃)၊ (၄)တို့အား ဖြစ်စေရန်/ပျံ့စေရန်/ပွစေရန် တွန်းအားပေးသည်မှာ Facebook အမည်ရ လူမှုကွန်ရက်ဖြစ်သည်ကို မိမိတို့ စိစစ်တွေ့ရှိရပါသည်။ အဆိုပါ လူမှုကွန်ရက်အား မိမိတို့ အာဏာသိမ်းပြီးချိန်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပိတ်ဆို့ထားပြီးဖြစ်သော် လည်း VPN များဖြင့် ကျော်ခွသုံးစွဲနေသည်ကိုလည်း ထပ်မံစိစစ်တွေ့ရှိရပါသည်။ ထို့ကြောင့် မိမိတို့ဘက်မှ အဆိုပါလူမှုကွန်ရက်အား VPN များဖြင့်ကျော်ခွအသုံးပြုခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ထပ်မံတားမြစ်ပိတ်ဆို့လိုက်သည်။ (မှတ်ချက် – VPN သုံးစွဲနေသည်ကို မြေပြင်စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးတွေ့ရှိရပါက တောင်းသ လောက်ပေးပတ်ကေ့ဖြင့် ငွေညှစ်ခြင်းကို ခံရမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်လိုက်သည်။)

ကိုရင်နွေဦး