အင်းတော်ကဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုကြောင့် သံဃာတပါးအပါအဝင် သေဆုံးသူ ဆယ့်ခုနစ်ဦး  အထိရှိလာ

Photo – CINCDS (ပုံစာ -၂၀၁၉ခု နှစ်အတွင်း စစ်ရေးလေ့ကျင်နေတဲ့ စစ်လေယာဥ်နှစ်စီးကိုတွေ့ရစဉ်။ )

ဇွန်၊ ၂၄

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် အင်းတော်မြို့နယ်ထဲက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက အခုလ ၂၂ ရက်မှာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၇ဦးအထိ ရှိလာတယ်လို့ ဒေသတွင်း အခြေအနေတွေ ဖော်ပြတဲ့ Indaw Revolution-IR ကဒီကနေ့ပြောပါတယ်။

အင်းတော်မြို့ အနောက်မြောက်၊ မဲဇာချောင်း အရှေ့ဘက်ကမ်းပေါ်က နန့်သာရွာဘုန်းတော်ကြီးကျောင်းကို စစ် ကောင်စီက ဇွန်လ ၂၂ ရက် ညသန်းခေါင်အချိန်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

သေဆုံးသူတွေထဲ သက်တော် လေးဆယ်အရွယ်ရှိ သံဃာတပါး၊အသက်ငါးနှစ်အရွယ် ကလေးတဦး၊အသက် ၈၀ နှစ်အရွယ် သက်ကြီးအမျိုးသမီးတဦးလည်းပါဝင်ကာ စုစုပေါင်း အမျိုးသားခုနစ်ဦး၊အမျိုးသမီးဆယ်ဦး ဖြစ်ပါ တယ်။

ထိခိုက်သေဆုံးသူအများစုဟာ မိသားစုလိုက်တွေဖြစ်နေပြီး သေဆုံးသူတွေအပြင် နောက်ထပ် ရှစ်ဦးလည်း ဒဏ်ရာတွေရခဲ့ကြသေးတယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နန့်သာရွာမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ် တပ် စွဲထားတဲ့ ဘုန်းတော်ကြီးကျောင်းထဲ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်ထားချိန် စစ်ကောင်စီက သူတို့ တပ်ရှိရာ ဘုန်းကြီးကျောင်းထဲ နေရာမှားဗုံးကြဲခဲ့တာလို့ Indaw Revolution-IRကဆိုပါတယ်။

သေဆုံးသူအများစုဟာ ဆေးကုသခွင့်မရတာကြောင့် သွေးထွက်လွန်ပြီးသေဆုံးခဲ့ရတာလို့လည်း Indaw Revolution-IRကဖော်ပြပါတယ်။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အင်းတော်မြို့နယ်ဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ မကြာမကြာ တိုက်ပွဲဖြစ်လေ့ရှိရာဒေသတွေထဲက တခုဖြစ်လာပါတယ်။

ဒီလိုတိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လည်း လုပ်လေ့ရှိပြီး အခု ဒေသခံ ၁၇ဦးသေဆုံးအောင်ဗုံးကြဲခံရတဲ့ နန့်သာရွာကတော့ တတိယအကြိမ်မြောက် ဗုံး ကြဲခံရတာလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ အင်းတော်မြို့နယ်အတွင်းမှာ အခုတကြိမ် အပါအဝင် အစုအပြုံလိုက် သတ် ဖြတ်မှု လေးကြိမ်အထိ ကျူးလွန်ခဲ့ပြီး စုစုပေါင်း အနည်းဆုံးလူဦးရေလေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ Indaw Revolution-IRကဖော်ပြပါတယ်။

 စစ်ကောင်စီဟာ အခုနှစ် မေလ၉ရက်ကလည်း မကွေးတိုင်း ဆောမြို့နယ်  အကြည်ပန်းပလွန်းရွာက ဘုန်းတော် ကြီးကျောင်းကို လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စုစုပေါင်း ၁၆ဦးသေဆုံးခဲ့ပါတယ်။အလားတူ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောရွာမှာ အခုလ ၃ရက်က မင်္ဂလာဆောင်ပြုလုပ်နေချိန်ဗုံးကြဲချတာကြောင့် လူသုံးဆယ်လောက် သေဆုံးခဲ့ပါသေးတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဧပြီလအထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀၀ နီးပါးပြုလုပ်ခဲ့ပြီး အရပ်သား စုစုပေါင်း ၁၃၀၀ လောက်သေဆုံးကာ ဒဏ်ရာရသူ ၁၆၀၀ ကျော်ရှိတယ်လို့ ဒီအ ချက်အလက်တွေကို လေ့လာစောင့်ကြည့်နေတဲ့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က မေလအတွင်းထုတ်ပြန်တဲ့အ စီရင်ခံစာမှာဖော်ပြထားပါတယ်။