စစ်ကိုင်းတိုင်းက သံဃာတွေ စစ်ကောင်စီကို သပိတ်မှောက်ကံဆောင်မှု ဆက်တိုက်ပြုလုပ်လာ

Photo – ပေးပို့

ဇွန်၊ ၂၄

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ခဲ့တဲ့နောက်စစ်ကိုင်းတိုင်းအတွင်းမြို့ နယ်တချို့မှာသီတင်းသုံးတဲ့ သံဃာတွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်မှုတွေဆက် တိုက် လုပ်နေကြပါတယ်။

ချောင်းဦးမြို့နယ်အတွင်းက သံဃာတော်တွေက စစ်ကောင်စီကိုကံဆောင်သပိတ်မှောက်ကြောင်း မနေ့ကစတင် ကြေညာသလို ဒီကနေ့မှာလည်း ဒီပဲယင်းမြို့နယ်အတွင်းသီတင်းသုံးတဲ့ သံဃာတွေကကမ္မဝါရွတ်ဖတ်ပြီး အလားတူ သပိတ်မှောက် ကံဆောင်မှု စတင်ဆောင်ရွက်ခဲ့ကြပါတယ်။

“တကယ်တမ်းက အခုလိုကံဆောင်သင့်တာကြာပါပြီ၊ အခုကတော့ဝင်းနိမ္မိတာရုံဆရာတော်ကြီး သတ်ဖြတ်ခံရတာ ကိုအကြောင်းပြုပြီးတော့ နွေဦးတော်လှန်ရေးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ မြောက်များလှစွာသော သံဃာတွေကို ရည် စူး ပြီးတော့ ကံဆောင်ကြတာဖြစ်ပါတယ်”လို့ ဒီပဲယင်းမြို့နယ်သံဃာ့သပိတ်ကိုဦးဆောင်တဲ့ သက်တော် ၄၅၊ဝါတော် ၂၅ဝါရှိတဲ့ ဆရာတော် အရှင်ပညိဿရာလင်္ကာရက DNAကိုမိန့်ပါတယ်။

စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်မှုစတင်တဲ့ ဒီကနေ့မှာ ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာသုံး ဆယ်လောက်ကသံဃာတော်အပါးသုံးဆယ်လောက် ပါဝင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။

ဒီကနေ့ကြွရောက်ပါ ဝင်တဲ့သံဃာတော်အရေအတွက် သုံးဆယ်သာရှိပေမယ့် ဝိနည်းအရနီးစပ်ရာသံဃာတော် တွေကို ဆက်လက် သတင်းစကားပါးမှာဖြစ်တယ်လို့ ဆရာတော် အရှင်ပညိ ဿရာလင်္ကာရကရှင်းပြပါတယ်။

“ကံဆောင်တယ်ဆိုတာဟာ ဝိနည်းကြောင်းအရအပြင်းထန်ဆုံးပြစ်ဒဏ်ခတ်လိုက်တာ”လို့လည်း ဆရာတော်က မိန့်ပါတယ်။

ပြည်တွင်း၊ပြည်ပမှာရှိနေတဲ့ မြန်မာပြည်သူတွေအာဏာသိမ်းစစ်တပ်နဲ့ ရင်ဆိုင်နေရပြီး အတိဒုက္ခရောက်နေကြ ချိန်မှာ သံဃာတော်တွေအနေနဲ့ မဆိုင်သလိုကြည့်မနေကြဖို့နဲ့ အခုလို ဓမ္မလမ်းကြောင်း၊ဝိနည်းလမ်းကြောင်းကနေ သပိတ်မှောက်ကံဆောင်ရာမှာ ညီညီညွတ်ညွတ်ပါဝင်ကြဖို့ ဆရာတော်အရှင်ပညိဿရာလင်္ကာရက တိုက်တွန်း ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်ခဲ့ရတဲ့အပေါ်  သည်းခံ၊ခွင့်လွှတ်၊မေ့ဖျောက်ဖို့ သီတဂူဆရာတော်ကမိန့်ဆိုခဲ့တာကိုလည်း လက်မခံနိုင်တဲ့အကြောင်းဆရာတော်အရှင်ပညိဿရာလင်္ကာရက မိန့်ကြားပါတယ်။

“ကျူးလွန်တဲ့ စစ်တပ်ကို တာဝန်ယူဖို့တောင်းပန်ဖို့တလုံးမှမပြောဘဲတဖတ်သတ်အဂတိလိုက်ပြီးပြောသွားတာ”လို့ ဆရာတော်က မိန့်ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကံသုံးဆင့်ဆရာတော်တို့ဟာ ရွှေကျင်ဂိုဏ်း(ရွှေကျင်နိကာယ)ဗဟိုအစည်းအဝေးတက် ဖို့ မန္တလေးကိုသွားရင်း ငါန်းဇွန်မြို့နယ်အတွင်းမှာ ဇွန်လ ၁၉ရက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရလို့ ဝင်း နိမ္မိတာရုံဆရာတော်ပျံလွန်ခဲ့ပြီး ကံသုံးဆင့်ဆရာတော်ကတော့ဒဏ်ရာတချို့ရခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို PDF တွေကျူးလွန်တာလို့ စစ်ကောင်စီက ကနဦးသတင်းထုတ်ပြန်ခဲ့ပေမယ့်ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကံ သုံးဆင့်ဆရာတော်က “စစ်ဗိုလ်၊စစ်သားတွေ”ပါလာတဲ့ Faw ကားပေါ်ကပစ်ခတ်တဲ့အကြောင်း အများသိဖွင့်ချ ရှင်းလင်းခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက သူတို့ထုတ်ပြန်ချက်ကို ပြင်ဆင်ခဲ့ရပြီးအဖြစ်မှန် ဖော်ထုတ်မယ်လို့ပြောထားပေမယ့် စာချ၊ကျမ်းပြုဆရာတော်တပါးဖြစ်ပြီး ဆယ်စုနှစ်ငါးခုလောက်စာချခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်ခဲ့တာ၊လိမ်လည်ထုတ်ပြန်တာနဲ့ တောင်းပန်မှုမရှိတာတွေကြောင့် သံဃာထုကြား မကျေနပ်မှုတွေရှိနေပါတယ်။

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်မှုကို ဘုရားရှင်လက်ထက်ကတည်းက ခွင့်ပြုခဲ့ကြောင်း သာသနာတော် ဆိုင် ရာ ကျမ်းဂန်တွေမှာဖော်ပြထားပြီး လွတ်လပ်ပြီးခေတ်မြန်မာ့နိုင်ငံရေးသမိုင်းမှာလည်း သံဃာတော်တွေက စစ်အ စိုးရကို အဲ့ဒီလို ကံဆောင်သပိတ်မှောက်တာတွေရှိခဲ့ဖူးပါတယ်။

ဝိနည်းတော်အရ ရဟန်းတော်အနေနဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်နိုင်တဲ့အချက်ရှစ်ချက်ရှိပြီး အဲ့ဒီအ ထဲ မှာရဟန်းတော်တွေကိုလာဘ်မရအောင်လုပ်တာ၊အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊နေမြဲကျောင်းကန်မှာမနေနိုင်အောင်လုပ်တာ၊ဆဲရေးတာ၊သံဃာ့ဂိုဏ်းကွဲအောင်လုပ်တာ၊ဘုရား၊တရား၊သံဃာဂုဏ်ကျေးဇူးကိုထိပါးပြောဆိုတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။