ဂါဇာမှာ အပြင်းအထန် ထိုးစစ်ဆင်မှုတွေ အဆုံးသတ်ခါနီးပြီလို့ အစ္စရေး ဝန်ကြီးချုပ်ပြော

ဇွန်၊ ၂၄

ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ ပြင်းပြင်းထန်ထန် ဆင်နွှဲနေတဲ့ အစ္စရေး ထိုးစစ်တွေ အဆုံးသတ်လု အဆင့်ဆီ ရောက်ရှိလာပြီလို့ ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူက ပြောကြားခဲ့ပါတယ်။

ဂါဇာတောင်ပိုင်းမှာရှိတဲ့ ဟားမားစ် ပြောက်ကျားတွေရဲ့ နောက်ဆုံးလက်ကျန် အခြေစိုက် စခန်းဖြစ်တဲ့ ရာဖာဟ်မြို့ကို အစ္စရေး စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့် အဲဒီလို ကြမ်းတမ်းတဲ့ စစ်ဆင်ရေး ကာလတွေဟာ သိပ်မကြာခင် ပြီးဆုံးတော့မယ်လို့ နေတန်ယာဟူက ဆိုပါတယ်။

ဒါပေမဲ့ ဂါဇာစစ်ပွဲတခုလုံး ဆုံးခန်းတိုင်တဲ့ အဆင့်ထိ ရောက်ဖို့ ဆိုတာကတော့ ဟားမားစ်တွေရဲ့ အုပ်စိုးမှု လုံးဝ ချုပ်ငြိမ်းသွားမှ ဖြစ်နိုင်မယ်လို့လည်း သူက ထပ်လောင်း သတိပေးသွားပါတယ်။

ဂါဇာမှာ အင်အား အလုံးအရင်း အသုံးပြုရတဲ့ စစ်ဆင်ရေးတွေ အဆုံးသတ်နိုင်ပြီဆိုရင် တချို့ တိုက်ခိုက်ရေး တပ်တွေကို မြောက်ပိုင်းက လက်ဘနွန်နဲ့ နယ်စပ်မှာ ပြောင်းရွှေ့ အခြေစိုက်စေမယ်လို့လည်း နေတန်ညာဟူက ဆိုပါတယ်။ အစ္စရေးနဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြား အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ပိုမို အရှိန်မြင့်တက်လာနေပြီး အလုံးစုံ စစ်ပွဲကြီး အဆင့်မျိုး ကူးပြောင်းသွားနိုင်ခြေကို စိုးရိမ်နေရပါတယ်။

နေတန်ယာဟူက ဟားမားစ်တွေရဲ့ အာဏာစက် ချုပ်ငြိမ်းသွားပြီဆိုရင် တခြား ပါလက်စတိုင်း နယ်မြေ တခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသရဲ့ အာဏာပိုင်တွေက ဂါဇာကို တာဝန်ယူ အုပ်ချုပ်သင့်တယ်ဆိုတဲ့ သဘောထား မှတ်ချက်တွေကိုလည်း ပယ်ချခဲ့ပါတယ်။

စစ်ပွဲပြီးရင် ဂါဇာမှာ အစ္စရေး လုပ်ဆောင်ရမယ့် အဓိက ရည်မှန်းချက် နှစ်ခုက ရန်သူ့ စစ်အင်အားကို နာလန်ပြန်မထူနိုင်အောင် ဖျက်ဆီးဖို့၊ ပြီးတော့ ဒေသခံ လူထုနဲ့ ကိုက်ညီမယ့် အရပ်ဖက် အုပ်ချုပ်ရေး ယန္တရား တခု ထူထောင်နိုင်အောင် ပံ့ပိုးဖို့ ဆိုတာတွေ ဖြစ်တယ်လို့ နေတန်ယာဟူက ပြောပါတယ်။

ဒါပေမဲ့ သူဟာ ပါလက်စတိုင်းကို ကိုယ်ပိုင်နိုင်ငံ တခုအဖြစ် ရပ်တည်နိုင်အောင် ကူညီပေးဖို့၊ ခွင့်ပြုပေးဖို့၊ ကိုယ်ပိုင် အုပ်ချုပ်မှုကို လက်သင့်ခံပေးဖို့တော့ အသင့်မဖြစ်သေးဘူးလို့လည်း နေတန်ယာဟူက အပြတ်ပြောသွားပါတယ်။

ရာဖာဟ် ဒေသခံတွေက ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ မြို့ထဲမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအတောအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက လူသားချင်း စာနာမှု ပစ္စည်းတွေ ဝေငှပေးရာ စင်တာ တခုကို ထိမှန်ခဲ့ပြီး အစ္စရေးကတော့ အဲဒီစင်တာကို ဟားမားစ်တွေက အသုံးပြုနေတာလို့ စွပ်စွဲ ပြောဆိုထားပါတယ်။

Ref: BBC