အာဏာရှင်စိတ်ဓာတ်ဟာ မကောင်းဆိုးရွား ဆန်တယ်လို့ တရုတ်ခြိမ်းခြောက်မှုအပေါ် ထိုင်ဝမ်သမ္မတ တုံ့ပြန်

ဇွန်၊ ၂၄

အာဏာရှင် စိတ်ဓာတ်ဆိုတာ အရမ်း မကောင်းဆိုးရွားဆန်တယ်လို့ တရုတ်ကို ရည်ရွယ်ပြီး ထိုင်ဝမ် သမ္မတက ပြောကြားလိုက်ပါတယ်။

တရုတ် အစိုးရက ထိုင်ဝမ်မှာရှိတဲ့ ခွဲထွက်ရေး ဝါဒီတွေကို သေဒဏ်စီရင်တာမျိုး ဖြစ်လာနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့တဲ့နောက် လိုင်က အခုလို တုံ့ပြန်ခဲ့တာပါ။ တရုတ်ဟာ လိုင်ကို ထိုင်ဝမ်ရဲ့ သဘောထား တင်းမာတဲ့ ခွဲထွက်ရေး ဝါဒီတဦးလို့ သတ်မှတ် ယူဆထားပါတယ်။

ဇွန်လ ၂၄ ရက်မှာတော့ လိုင်က ဒီမိုကရေစီ ဆိုတာဟာ ရာဇဝတ်မှု တခုမဟုတ်ဘဲ အာဏာရှင် ဆန်မှုကသာ တကယ့် မကောင်းဆိုးရွားအစစ် ဖြစ်တယ်လို့ တရုတ်ကို ရည်ညွှန်းပြီး မှတ်ချက် ပေးခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တခုအဖြစ် အစဉ်တစိုက် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက်သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် သီးခြား ရပ်တည်မှုမျိုးကိုသာ ပိုပြီး လိုလားနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တရုတ်ဟာ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပိုပြီး ခက်ထန်တဲ့ အခြေအနေဆီ ဦးတည်ပြီး ခွဲထွက်ရေး ဝါဒီတွေကို သေဒဏ်စီရင် ချမှတ်ဖို့ထိ ဖြစ်လာနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ လိုင်က တုံ့ပြန်ရာမှာ ဒီမိုကရေစီ ဆိုတာက ရာဇဝတ်မှု မဟုတ်ဘူး ဆိုတာကို အလေးအနက် ပြောလိုကြောင်း၊ အာဏာရှင် စိတ်ဓာတ်ကသာ မကောင်းဆိုးရွား ဖြစ်ပြီး တရုတ်ဟာ ထိုင်ဝမ် ပြည်သူတွေရဲ့ ရွေးချယ်မှုအပေါ် ဘယ်လို စီရင် ဆုံးဖြတ်ပိုင်ခွင့်မှ မရှိကြောင်း ပြောကြားသွားပါတယ်။

တရုတ်ဟာ ထိုင်ဝမ် အစိုးရကို နိုင်ငံတကာနဲ့ အဆက်အသွယ် ပြတ်တောက်ပြီး အထီးကျန်အောင် သံတမန်ရေး နည်းလမ်းတွေနဲ့ အစွမ်းကုန် ဖိအားပေးနေသလို လိုင်သမ္မတဖြစ်လာတဲ့ နောက်ပိုင်း ထိုင်ဝမ် ရေပိုင်နက် ပတ်ပတ်လည်မှာ စစ်ရေးလေ့ကျင့်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေပါတယ်။

တရုတ်က ထိုင်ဝမ်ဟာ လွတ်လပ်ရေး ကြေညာတဲ့ထိ ရဲတင်းလာမယ်ဆိုရင် ကျူးကျော်စစ် ဆင်နွှဲပြီး ကျွန်းနိုင်ငံကို သိမ်းယူရလိမ့်မယ်လို့ ရာဇသံ ပေးထားပြီး ထိုင်ဝမ် အစိုးရကတော့ ထိုင်ဝမ်ဟာ လွတ်လပ်တဲ့ အချုပ်အခြာပိုင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နှင့်ပြီးသားဆိုတဲ့ အရှိတရားက ပြောင်းလဲမှာ မဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။

Ref: Reuters