ဥရောပဖလားမှာ ဒဏ်ရာအပြင်း ရသွားတဲ့ ဟန်ဂေရီ တိုက်စစ်မှူး မျက်နှာခွဲစိတ်မှု ခံယူရဖွယ်ရှိနေ

ဇွန်၊ ၂၄

ဥရောပ တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲမှာ ပြိုင်ဘက်နဲ့ ထိခိုက်မိပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့တဲ့ ဟန်ဂေရီ တိုက်စစ်မှူး ဘာနာဘက်စ် ဗာဂါရဲ့ လက်ရှိ အခြေအနေဟာ တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီလို့ သိရပါတယ်။

ဇွန်လ ၂၃ ရက်နေ့က စကော့တလန် အသင်းနဲ့ ယှဉ်ပြိုင်တဲ့ အုပ်စု (A) ပွဲစဉ်မှာ ဘောလုံးကို ခေါင်းတိုက်ဖို့ ကြိုးစားရင်း အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြိုင်ဘက် ဂိုးသမား အန်းဂက်စ်ဂန်းနဲ့ ဝင်ဆောင့်မိခဲ့ပါတယ်။ တိုက်မိတဲ့ အရှိန်က ပြင်းလွန်းတာကြောင့် နှစ်ယောက်စလုံး ကွင်းထဲမှာ လဲကျနေခဲ့ပြီး ဗာဂါကတော့ မျက်နှာမှာ တော်တော်ဆိုးဆိုး ဒဏ်ရာ ရသွားခဲ့ပါတယ်။

ဆေးအဖွဲ့တွေက ကွင်းထဲကို အပြေးအလွှား ဝင်ရောက်လာပြီးတဲ့နောက် ဗာဂါရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အကာအကွယ်ပေးတဲ့ အနေနဲ့ သူ့ရဲ့ ပတ်ပတ်လည်မှာ အဝတ်တွေနဲ့ ကာထားပေးခဲ့ပါတယ်။ ပြီးတော့မှ ဗာဂါကို ကွင်းထဲကနေ ဂရုတစိုက် သယ်ထုတ်သွားခဲ့ပါတယ်။ သူ့ကို ထမ်းစင်ပေါ်တင်ပြီး ခေါ်ထုတ်သွားတဲ့ အချိန် နှစ်ဖက်အသင်း ပရိသတ်တွေက လက်ခုပ်တီး ဂုဏ်ပြုခဲ့တာကိုလည်း တွေ့ရပါတယ်။ ဗာဂါရဲ့ အခြေအနေကို မြင်လိုက်တဲ့ အသင်းဖော် တချို့ဟာ ဟန်တောင် မဆောင်နိုင်လောက်အောင် ချောက်ချားပြီး ငိုကြွေးနေခဲ့တာကို တွေ့ရပါတယ်။

ဗာဂါဟာ အဲဒီပွဲစဉ် ယှဉ်ပြိုင်ရာ ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့က ဆေးရုံတခုမှာ တက်ရောက်နေပြီး အခြေအနေ တည်ငြိမ်ပေမယ့် မျက်နှာက အရိုးတချို့ ကျိုးသွားတဲ့အတွက် ခွဲစိတ်ကုသမှု ခံယူရဖွယ် ရှိနေပါတယ်။ ဗာဂါဟာ မျက်နှာက အရိုးတချို့ ကျိုးသွားတဲ့အပြင် သတိလစ် မေ့မျောသွားခဲ့တယ်လို့ ဟန်ဂေရီ ဘောလုံးအဖွဲ့ချုပ်က လူမှုကွန်ရက် မီဒီယာ Xကနေ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီပွဲစဉ်ဟာ ဗာဂါရဲ့ ဒဏ်ရာကြောင့် ရပ်နားထားခဲ့ရတဲ့ နာကျင် အပိုဆောင်းချိန်တွေကြောင့် မိနစ် ၁၀၀ ကျော်အောင် ကစားခဲ့ရပြီး ပွဲပြီးခါနီးမှာ ကီဗင်ဆိုဘော့သ်ရဲ့ သွင်းဂိုးနဲ့ ဟန်ဂေရီက စကော့တလန်ကို အသည်းခွဲ အနိုင်ယူသွားခဲ့ပါတယ်။ အဲဒီရလဒ်ကြောင့် ဟန်ဂေရီဟာ အကောင်းဆုံး တတိယ အသင်းတွေ စာရင်းထဲမှာ ပါဝင်ပြီး ရှုံးထွက်အဆင့် တက်နိုင်ဖို့ မျှော်လင့်ချက် ရှိသွားခဲ့ပါတယ်။ ပွဲအပြီးမှာ ဟန်ဂေရီ ကစားသမားတွေဟာ ဗာဂါရဲ့ ကျောနံပါတ် ၁၉ ဂျာစီကို ကိုင်ဆောင်ရင်း အောင်ပွဲခံခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

Ref: AFP