အမ်းအခြေစိုက် နပခရဲ့ အရေးပါဗျုဟာကုန်းကို AA ကသိမ်းပိုက်

Photo-AA Info Desk

ဇွန်၊ ၂၃

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာအမ်းမြို့နယ် ကဇုကိုင်းရွာအနီးက စစ်ကောင်စီတပ်ရဲ့ အင်အားရာချီရှိ တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA)က ဒီနေ့ ဇွန်လ ၂၃ ရက် မနက်အစောပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးနီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

“ဗျူဟာကုန်းအပေါ် ကို ကိုယ့်လူတွေရောက်သွားတာက ရက်ပိုင်းရှိပြီ၊ ဒီနေ့မနက်ကျမှ အကုန်အပြတ်အသတ် ရသွားတာ”လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာ တောဟိန်း တောင်ဗျုဟာကုန်းကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက စတင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး သုံးလ၀န်းကျင်အကြာမှာ အပြီး သတ်သိမ်းပိုက်လိုက်နိုင်တာပါ။

“ညက တစ်ညလုံး လေယာဉ်တွေနဲ့ လာပစ်တယ်၊ မနက်အာရုဏ်ဖက်ကျမှ ငြိမ်သွားတာ၊ အခု ရသွားပြီပြောတယ်”လို့ အမ်းဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိမှာ အဲဒီတောဟိန်းတောင်ဗျူဟာကုန်းကို AA က ရှင်းလင်းရေးလုပ်နေပြီး အရာရှိတွေအပါအ၀င် စစ်ကောင်စီတပ်သားအများအပြားလည်း အရှင်ဖမ်းမိထားတယ်လို့ စစ်ရေးနီးစပ်သူဒေသခံတွေက ပြောကြပါတယ်။

“စစ်တပ်က ဒီဖက် မဲတောင်(စခန်း)ဖက်ကို ဆုပ်ပြေးဖို့ ကြိုးစားတာ၊ ဒါပေမယ့် တပ်တော်က အကုန်ဝိုင်းပိတ်လိုက်တော့ ပြေးမလွှတ်တော့ဘူး”လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲနဲ့ ပက်သက်လို့ အသေးစိတ်အခြေအနေတွေကို DNA က  မသိရသေးသလို AA ဘက်ကလည်း တရား၀င်ထုတ်ပြန်တာ မရှိသေးပါဘူး။

တောဟိန်းတောင်ဗျူဟာစခန်းဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ အမ်းမြို့နဲ့ မိုင်နှစ်ဆယ်၀န်းကျင်အကွာမှာ တည်ရှိပြီး မြို့ကို အဓိကကာရံပိတ်ဆို့ထားတဲ့ အရေးပါရှေ့တန်းကာကင်းစခန်းကြီးတခုဖြစ်ကာ အင်အားခြောက်ရာ၀န်းကျင်ရှိနိုင်တယ်လို့ စစ်ရေးနီးစပ်သူတွေက ပြောပါတယ်။

AA ဟာ အခုသိမ်းပိုက်ရရှိတဲ့ တောဟိန်းတောင်နဲ့ ခြောက်မိုင်၀န်းကျင်အ ကွာ မဲတောင်စခန်းကိုပါ ထပ်မံသိမ်းပိုက်ပြီးရင်တော့ မြို့နဲ့ တိုင်းစစ်ဌာနချုပ်တို့ကို အလုံးအရင်းနဲ့ ဝင်ရောက်ထိုးစစ်ဆင်လာနိုင်တယ်လို့ စစ်ရေးနီးစပ်သူတွေက သုံးသပ်ကြပါတယ်။

“အစကအခြေအနေဆိုရင်တော့ တောဟိန်းတောင်ရရင် အမ်းကို ၀င်ဖို့ လွယ်သွားမှာပေါ့၊ ဒါပေမယ့် မဲတောင်(စခန်း) ကို အင်တားထပ်တိုးလိုက်တော့ နည်းနည်းထပ်တိုက်ရအုံးမယ့်အနေအထား” လို့ အမ်းဒေသခံ စစ်ရေးနီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြို့နဲ့ နပခကို ကာရံပိတ်ဆို့ထားတဲ့ တောဟိန်းတောင်ဗျူဟာတိုက်ခိုက်ခံနေရချိန် ဧပြီလအတွင်းမှာပဲ ယခင်က အင်အားအနည်းငယ်သာ ရှိတဲ့ မဲတောင်စခန်းကို အင်အားရာချီ ထပ်တိုးချထားခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။

တိုင်းစစ်ဌာနချုပ်(နပခ)အထိုင်ချထားတဲ့ အမ်းမြို့မှာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၇၁၊ ၃၇၂၊ ၃၇၃ နဲ့ အမြောက်တပ် ၃၇၄ တို့ အခြေစိုက်ပြီး လက်ရုံးတပ်တွေအပါဝင် တပ်ရင်း၊ တပ်ခွဲ တဆယ်ကျော် ရှိပါတယ်။

AA ဟာ ပြီးခဲ့တဲ့ မတ်လဆန်းက စပြီး အမ်းမြို့နယ်အတွင်း ထိုးစစ်တွေ စလုပ်ခဲ့ကာ အမ်း – တပ်တောင်ကားလမ်းပေါ်ရှိ တပ်ရင်းတွေနဲ့ အမ်း – ပဒါန်းလမ်း ရိုးမပေါ်ရှိ ရှေ့တန်းစစ်ကြောင်းတွေကိုလည်း ထိုးစစ်ဆင်၊ တိုက်ခိုက်တာတွေ လုပ်နေပါတယ်။

“မြို့နားက တပ်ရင်းတွေနားမှာလည်း တိုက်ပွဲ ခဏခဏ ရှိတယ်၊ အမ်းက စစ်ကောင်စီတပ်တော့ ထွက်ပေါက် ပိတ်နေပြီပြောလို့ရတယ်”လို့ အမ်းမြို့နယ်မှ နောက်ထပ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

တပ်စစ်ကောင်စီတပ်ဟာ နပခနဲ့ တပ်ရင်း၊ တပ်စခန်းတွေ ၀နျးရံပိတျဆို့ခံနရေခြိနျ မြို့ပေါ်နေ ပြည်သူတွေကို မြို့ပြင်ခွင့် ပိတ်ပင်ထားပြီး ရိက္ခာဖြတ်တောက်ထားတာကြောင့် မြို့ပေါ်မှာ ဆန်နဲ့ စားနှပ်ရိက္ခာတွေ ရှားပါးကာ အငတ်ဘေးကြုံနေသူတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောထားကြပါတယ်။

အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ၊ ၂၀၂၀ တိုက်ပွဲကာလတွေကတည်းက AA နဲ့ စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး အခုတကျော့ပြန်တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က ရှေ့တန်းတပ်စခန်းအများစုကို ဆုပ်ခွာရုပ်သိမ်းခဲ့ကာ တပ်ရင်းဌာနချုပ်တွေနဲ့ မြို့ပေါ် နပခတို့မှာ စုပေါင်းထားတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့နယ်ထက်၀က်ကျော်ကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ စစ်တွေအပါအ၀င် ကျန်မြို့နယ်အားလုံးရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သွားမယ်လို့ တရား၀င်ထုတ်ပြန် သတိပေးထားပါတယ်။