အိုလံပစ် ပြိုင်ပွဲ ကျင်းပဖို့ လျာထားတဲ့ ဆိန်းမြစ်ရဲ့ ရေအရည်အသွေး ကျဆင်းနေ

ဇွန် ၊ ၂၂

အိုလံပစ် အားကစားနည်းတချို့ ကျင်းပဖို့ ရည်ရွယ်ထားရာ ဆိန်းမြစ်ရဲ့ သန့်စင်မှုဟာ အိုလံပစ် စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိဘဲ ညစ်ညမ်းနေတယ်လို့ သိရပါတယ်။

ပြင်သစ်နိုင်ငံရဲ့ မြို့တော်မှာ ပါရီအိုလံပစ် ပြိုင်ပွဲကြီးကို ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ် ၁၁ ရက်ထိ ကျင်းပမှာပါ။ ပါရီ မြို့တော်ဝန်ရုံးနဲ့ အာဏာပိုင်တွေဟာ မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ ဆိန်းမြစ်ကို အိုလံပစ် ပြိုင်ပွဲမှာ တခုပ်တရ ထည့်သွင်း ဆက်စပ်ဖို့ အစွမ်းကုန် ကြိုးစားထားပါတယ်။

ထရိုင်သလွန်နဲ့ မြစ်ကြောင်း ရေကူးပြိုင်ပွဲတွေကို ဆိန်းမြစ်ထဲမှာ ကျင်းပဖို့အတွက် ဒေါ်လာ ၁.၅ ဘီလီယံလောက် အကုန်အကျခံပြီး ပြန်လည် သန့်စင်မှု အစီအမံတွေ လုပ်ဆောင်ထားသလို အိုလံပစ် ပြိုင်ပွဲတွေရဲ့ သမိုင်းတလျှောက် ပထမဆုံး အကြိမ် အားကစားရုံ တခုမဟုတ်တဲ့ နေရာမှာ ဖွင့်ပွဲကျင်းပဖို့ ရွေးချယ်ပြီး ဆိန်းမြစ်ကမ်းမှာ ကျင်းမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုသီတင်းပတ်ကုန် ဆိန်းမြစ်ရေရဲ့ သန့်စင်မှုကို တိုင်းတာတဲ့ အခါမှာ အိုလံပစ် ပြိုင်ပွဲ ကျင်းပဖို့ စံနှုန်း အဆင့်တန်း ကိုက်ညီမှု မရှိတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ပါရီ မြို့တော်ဝန်ရုံးကတော့ အချိန်အခါမဟုတ် ရွာသွန်းတဲ့ မိုးကြောင့် မြစ်ရေထဲမှာ E Coli အပါအဝင် ဘက်တီးရီးယားနှစ်မျိုး ပေါက်ပွားမှု များပြားနေတဲ့အတွက် အခုလို အခြေအနေ ကြုံရတာလို့ ပြောပါတယ်။

နှစ်စဉ် ပုံမှန်အခြေအနေတွေနဲ့ ယှဉ်ရင် အခုလထဲမှာ မိုးအရမ်းသည်းပြီး နေရောင်ခြည်ကျရောက်မှု နည်းပါးနေတာကြောင့် မြစ်ရေရဲ့  အရည်အသွေးအပေါ်  ထိခိုက်သက်ရောက်စေတာ ဖြစ်တယ်လို့ မြို့တော်ဝန်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တကယ်လို့ ဆိန်းမြစ်ရေဟာ အိုလံပစ် စတင်တဲ့ အချိန်ထိ လုံလောက်တဲ့ သန့်စင်မှု မရှိဘူးဆိုရင် အရန် အစီအစဉ်အဖြစ် ပြိုင်ပွဲအမျိုးအစားအလိုက် ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းမှာဖြစ်ပြီး နေရာသစ် ပြောင်းရွှေ့မှာတော့ မဟုတ်ဘူးလို့ သိရပါတယ်။

Ref: CNA