အီတလီမှာ ဒဏ်ရာရ ရွှေ့ပြောင်းလုပ်သားတဦးကို အလုပ်ရှင်က စွန့်ပစ်ထားရာက သွေးထွက်လွန် သေဆုံး

ဇွန် ၊ ၂၂

ဒဏ်ရာရထားတဲ့ အိန္ဒိယ အလုပ်သမား တဦးကို သေဆုံးစေတဲ့ထိ အလုပ်ရှင်က တာဝန်မဲ့ စွန့်ပစ်မှုနဲ့ ပတ်သက်လို့ အီတလီမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

အသက် ၃၁ နှစ်အရွယ် အလုပ်သမားဟာ လယ်ယာသုံး စက်ကိရိယာ တခုနဲ့ မတော်တဆ ထိခိုက်မိရာက လက်မောင်း ပြတ်ထွက်သွားခဲ့ပါတယ်။ သူဟာ ထိရောက်တဲ့ ဆေးဝါးကုသမှုမျိုး ခံယူခွင့် မရခဲ့ဘဲ အလုပ်ရှင်က လမ်းဘေး တနေရာမှာ စွန့်ပစ်မှုကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူ့ကို အနီးတဝိုက်မှာ တွေ့ရှိသူတွေက ရဟတ်ယာဉ်နဲ့ ဆေးရုံ တင်ပို့ခဲ့ပေမယ့် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်အကြောင်း လူသိများလာတဲ့နောက် အီတလီ လူ့အဖွဲ့အစည်းထဲမှာ အတော်လေး ဆူဆူပွက်ပွက် ဖြစ်လာခဲ့ပါတယ်။

အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ဆက်နမ်ဆင်းဟာ အီတလီကို ရောက်ရှိနေတဲ့ ထောင်နဲ့ချီတဲ့ အိန္ဒိယ ရွှေ့ပြောင်းလုပ်သားတွေထဲက တဦးဖြစ်ပြီး လူမဆန်တဲ့ ကျင့်ဝတ်မဲ့ လုပ်ရပ်ကြောင့် ကွယ်လွန်ခဲ့ရှာကြောင်း ပြောကြားခဲ့ပါတယ်။

အခုလုပ်ရပ်မျိုးဟာ အီတလီ ပြည်သူတွေနဲ့ လုံးဝ မအပ်စပ်တဲ့ လူမဆန်တဲ့ ကိစ္စဖြစ်ပြီး တာဝန်ယူ၊ တာဝန်ခံရမယ့် လူပုဂ္ဂိုလ်ကို ထိထိရောက်ရောက် ဖော်ထုတ် အပြစ်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

ရောမမြို့တော်နားက လာဇီယိုမြို့က ဟင်းသီးဟင်းရွက် စိုက်ခင်းတခုမှာ အခုသီတင်းပတ် အစောပိုင်းက အလုပ်လုပ်ရင်း ဆင်းက အပြင်းအထန် ထိခိုက်သွားခဲ့တာပါ။ ပလတ်စတစ် ထုပ်ပိုးစက်နဲ့ ထိခိုက်မိလို့ ပြတ်သွားတဲ့ ဆင်းရဲ့ လက်ကို အလုပ်ရှင် အန်တိုနယ်လို လိုဗာတိုက သစ်သီးပုံး တခုထဲမှာ ထည့်ထားပြီး ဒဏ်ရာရထားတဲ့ ဆင်းကိုတော့ ကားပေါ်တင်လာပြီး လမ်းဘေး တနေရာမှာ ထားခဲ့တာပါ။

လိုဗာတိုရဲ့ ဇနီးက သွေးပျက်ကြောက်ရွံ့ပြီး အော်ဟစ်နေတဲ့ အသံကြောင့် ပတ်ဝန်းကျင်က လူတွေ သတိပြုမိသွားပြီး ဆင်းကို ဆေးရုံပို့နိုင်ခဲ့တာပါ။ ဒါပေမဲ့ သွေးထွက်အရမ်းလွန်နေတာကြောင့် ဆင်းကို မကယ်တင်နိုင်ခဲ့ပါဘူး။

အခုတော့ လိုဗာတိုကို လူ့အသက် ဆုံးရှုံးစေတဲ့ထိ ပေါ့ဆမှုအတွက် အမှုဖွင့်ထားပါတယ်။ ဒါ့အပြင်  ဆင်းရဲ့ ဇနီးဖြစ်သူ ဆိုနီဟာ သတင်းဆိုးကြောင့် အရမ်းသွေးလန့်နေပါတယ်။ သူဟာ အီတလီမှာ တရားမဝင် နေထိုင်နေသူ ဖြစ်ပေမယ့် အာဏာပိုင်တွေက အဲဒီအခြေအနေကို ပယ်ဖျက်ပြီး တရားရေးဆိုင်ရာ အထူးအခွင့်အရေးနဲ့ အီတလီမှာ ဆက်လက် နေထိုင်ခွင့် ပေးထားကြောင်း သိရပါတယ်။

Ref: NDTV