ပညာရေး …. ရွေးစရာမရှိ

ဇွန်၊ ၂၂

“မြန်မာ့ကျောင်းသား နိုင်ငံတော်တွင်း ထင်လင်းရှိရမည်… စည်းကမ်းသေဝပ်ခြင်းအရင်းပြုသည်…”

နံနက် ၉ နာရီခွဲ။ ကျောင်းတက်ချိန်ဖြစ်တာကြောင့် အဖြူနဲ့ အစိမ်းဝတ်ကျောင်းသားတွေ ပြည့်နေတဲ့ စာသင်ခန်းထဲကနေ မြန်မာ့ကျောင်းသား သီချင်း သီဆိုသံက ဟိန်းပြီးထွက်နေပါတယ်။

ဟိုးအရင်ကလိုမျိုး စာသင်ခန်းအပြည့် ကျောင်းသားတွေရှိမနေပေမယ့် ဒီဘက်နှစ်တွေထဲမှာတော့ အခန်းထဲမှာ ကျောင်းသားပိုများလာတာအမှန်ပါ။

ကျောင်းသားတွေ များလာပေမယ့် လည်ဂျာစာအုပ်ကို ရှေ့လှန်လိုက် နောက်လှန်လိုက်လုပ်နေတဲ့ အတန်းပိုင်ဆရာမ မစု ရဲ့မျက်နှာကတော့ မှုန်ကုတ်ကုတ် တည်တင်းတင်းပါပဲ။

ကျောင်းအပ်ထားပြီး ကျောင်းမလာသေးတဲ့ ကလေးတွေနဲ့ ကျောင်းနဲ့ အချိန်အကြာကြီး အဆက်ပြတ်နေတဲ့ ကလေးတွေရဲ့ နေရပ်လိပ်စာတွေကို ရှာလိုက် ဓာတ်ပုံရိုက်လိုက် လုပ်နေတဲ့ ဆရာမ မစု ဟာ ကျောင်းတက်ချိန်ရဲ့ ဘုရားရှိခိုးပြီးချိန်မှာတော့ လုပ်လက်စကို လက်စသတ်လိုက်ပါတယ်။

သူက ရန်ကုန်မှာရှိနေတဲ့ အထက်တန်းကျောင်းတခုမှာ သတ္တမတန်း(Great –7) အတွက် အတန်းပိုင်တာဝန်ယူထားသူပါ။

ဆရာမ အလုပ်ကို နှစ်သက်မြတ်နိုးစွာ လုပ်ကိုင်ခဲ့တာ ၁၀ နှစ်ကျော်လာခဲ့ပြီဖြစ်ပေမယ့်  အာဏာသိမ်းပြီး နောက်ပိုင်းနှစ်တွေမှာ ကျောင်းတက်ရတာ ပျော်ဖို့ မကောင်းတော့ဘူးလို့ ဆိုပါတယ်။ အဆိုးဆုံးက ကျောင်းသားနဲ့ ကျောင်းသားမိဘတွေကို ဖိအားပေးပြီး ကျောင်းတက်ခိုင်းရတာပါပဲတဲ့။

သူက “ အစက ကိုယ့်ကလေးတွေ မစုံလို့မပျော်ဘူး။ ခုကျတော့ မပျော်ပဲကျောင်းလာကြတဲ့ ကလေးတွေကိုကြည့်ပြီး မပျော်ဘူး ” လို့ ဆိုပါတယ်။

အာဏာမသိမ်းခင်က မူလတန်းပြ ဆရာမဖြစ်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ရာထူးတိုးမှာ အလယ်တန်းပြအဖြစ် ရာထူးတိုးခဲ့ပြီး သတ္တမတန်း အတန်းပိုင်အဖြစ် ဒီကျောင်းမှာပဲ ဆက်ပြီးတာဝန်ထမ်းဆောင်နေရတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ကိုဗစ်ကြောင့်ပိတ်ထားတဲ့ ကျောင်းတွေကိုလည်း ပြန်ဖွင့်ခဲ့ပါတယ်။

ကျောင်းတွေပြန်ဖွင့်ပြီးနောက် ၂၀၂၁ – ၂၀၂၂ စာသင်နှစ်ကနေ ၂၀၂၄ – ၂၀၂၅ ခုနှစ်အထိ ကျောင်းအပ်နှံ့မှုစာရင်း ဆက်တိုက် တိုးလာနေခဲ့တဲ့အကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေကနေ မြင်တွေ့နေရပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျောင်းတွေမှာ အကြမ်းဖက်ဗုံးခွဲမှုတွေပြုလုပ်နေပြီး ကျောင်းတွေမဖွင့်ဖို့ ခြိမ်းခြောက်ခံနရတဲ့ကြားက ဒီလိုမျိုးတိုးလာနေတာဟာ နစက အစိုးရကို ပြည်သူတွေရဲ့ လက်ခံမှုမြင့်တက်လာလို့ ဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်ကပြုလုပ်တဲ့ သတင်းစာရျင်းလင်းပွဲတခုမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဆရာမ မစုက “ အစက(၂၀၂၁)ထက်တော့ ပိုများလာပါတယ်။ ဒါပေမယ့် အရမ်းကြီး သိသိသာသာတော့ မဟုတ်ပါဘူး။ စာရင်းအရဆိုရင်လည်း ကျောင်းနုတ်သွားတာတွေ မလာတာတွေရှိပါတယ် ” လို့  သူ့အတန်းနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လ ကျောင်းတွေပြန်ဖွင့်ချိန်မှာတော့ အခြေခံကျောင်းတွေမှာ ကျောင်းအပ်နှံစာရင်း ၅ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ်ကြောင့် ကျောင်းပိတ်ခဲ့ရပေမယ့် ၂၀၁၉ – ၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုဟာ ၉ သန်းကျော်ရှိခဲ့တာပါ။ ဒါကြောင့် စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ချိန် ကျောင်းအပ်နှံနူန်းနဲ့ဆိုရင် ၄ သန်းနီးပါး ကွာဟနေခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဒီနှစ်စာသင်နှစ်အတွက် ထုတ်ပြန်ထားတဲ့ ကျောင်းအပ်နှံမှုစာရင်းမှာတော့ မေ ၃၀ အထိ ၆ သန်းနီးပါးရှိပြီး ဇွန် ၁၀ ရက်မှာတော့ ၆ သန်းကျော်သွားခဲ့ပြီလို့ ဆိုထားပါတယ်။

“ သူတို့ကျောင်း(စစ်ကောင်စီကျောင်း)တွေမှာ ကျောင်းသားတွေတိုးလာတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့တောင်မှ ကလေးကို သူတို့ဆီမှာ ပြန်ထားရတဲ့အခြေအနေဖြစ်နေပြီလေ  ” လို့ မူလတန်းပြရာထူးနဲ့ CDM ပြုလုပ်ထားတဲ့ DNA ရဲ့ အမာခံ သတင်းရင်းမြစ်က ဆိုပါတယ်။

သူက CDM ပြုလုပ်ပြီးနောက်ပိုင်း သားနှစ်ဉီးကို ကိုယ်ပိုင်ကျောင်းနဲ့ NUG ရဲ့ အွန်လိုင်းကျောင်းတွေမှာ ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ စာသင်နှစ်ဖြစ်တဲ့ ၂၀၂၄ ခုနှစ် နှစ်စပိုင်းကစလို့ အင်တာနက်တွေ အဆင်မပြေဖြစ်လာခဲ့ပါတယ်။

ဒါအပြင် ရပ်ကွက်တာဝန်ရှိသူတွေက ကလေးတွေကို ဘယ်ကျောင်းမှာထားလဲ ဆိုတာမျိုး စစ်ဆေးမှုတွေကို ပိုတင်ကြပ်လာပြီး အစိုးရကျောင်းမဟုတ်ရင်လည်း ကိုယ်ပိုင်ကျောင်းတွေမှာထားဖို့ မကြာခဏ သတိပေးမှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

သားနှစ်ဉီးကို ထားထားတဲ့ ကိုယ်ပိုင်ကျောင်းက ဒီစာသင်နှစ်အတွက် ကလေးတဉီးကို သိန်း ၅၀ ဝန်းကျင်ကျသင့်မှာဖြစ်ပြီး ငွေကျပ် သိန်း ၃၀ စီ တခါတည်းသွင်းပေးဖို့ ပြောလာတဲ့အခါ စစ်ကောင်စီကျောင်းကိုသာ အပ်လိုက်ဖို့ ရွေးချယ်လိုက်ရတယ်လို့ ဆရာမက ရှင်းပြပါတယ်။

သူက “ ကျွန်မတို့လိုအတန်အသင့်ရှိတဲ့ တောင့်ခံနိုင်တဲ့သူတောင် ဒီလိုဖြစ်နေရင် ဒီလိုအခြေအနေမရှိတဲ့ သူတွေက သေချာပေါက် သူတို့ကျောင်းကိုပဲရွေးရတော့မှာပဲလေ ” လို့ ဆိုပါတယ်။

သူက ဆရာမ မစုရဲ့ သူငယ်ချင်းဖြစ်တာကြောင့် သားအကြီးဖြစ်သူကို ဆရာမ မစုအတန်းမှာ အပ်ထားပါတယ်။

သားဖြစ်သူကတော့ မိခင်က CDM ပြုလုပ်ထားတာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ သတိနဲ့နေရပြီး အရင်က ချစ်ခင်ခဲ့ရတဲ့ မိခင်ဖြစ်သူရဲ့ သူငယ်ချင်း၊ မိခင်နဲ့ ရွေးချယ်မှု မတူညီခဲ့တဲ့ ဆရာမဆီမှာ စာသင်ရတာ ခက်ခဲပင်ပန်းရတယ်လို့ ဆိုပါတယ်။

သူက “ ကျောင်းမှာ သားကိုသိတဲ့သူတွေက သားနဲ့သိပ်မပေါင်းကြတော့ဘူး။ စာမသင်ချင်တာ မဟုတ်ပေမယ့် ကျောင်း(စစ်ကောင်စီကျောင်း)တော့ မတက်ချင်ဘူး  ” လို့ ပြောပါတယ်။

ကွန်ပျူတာ စခရင်ကတဆင့် အသက် ၁၄ နှစ်အရွယ် သားကြီးဟာ တည်တည်ငြိမ်ငြိမ်နဲ့ လေးပင်တဲ့ လေသံနဲ့ သူပြောပြချင်တာတွေကို ခပ်ဖြေးဖြေးပြောပြနေတယ်။

ဒါပေမယ့် အသက် ၆ နှစ်ရှိပြီပေမယ့် ဒီနှစ်မှ KG တန်းကိုစတက်တဲ့ ညီဖြစ်သူကတော့ KG ကဗျာတွေကို အော်ဟစ်ရွတ်ဆိုရင်း ပျော်ရွှင်နေပါတယ်။

အရင်က ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)မှာ တာဝန်တချို့ ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာလည်း ပညာရေးလှုပ်ရှားမှုတွေ လုပ်နေတဲ့ အမည်မဖော်လိုသူ ဆရာတဉီးက အခြေအနေ အကြောင်းကြောင်းကြောင့် စစ်ကောင်စီကျောင်းတွေမှာ ကျောင်းပြန် အပ်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဓိက အကြောင်းရင်းကတော့ ကျောင်းဆက်တိုက်မတက်တဲ့ ကလေးတွေရဲ့ အိမ်တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်တာ၊ အွန်လိုင်းကနေ စာသင်ကြားဖို့ ခက်ခဲလာတာ၊ စီးပွားရေး ကြပ်တည်း ကျဆင်းမှုကြောင့် ကိုယ်ပိုင်ကျောင်းတွေမှာထားဖို့ ငွေကြေးမတတ်နိုင်တော့တာ စတဲ့အချက်တွေကြောင့်ဖြစ်တယ်လို့ ရှင်းပြပါတယ်။

“ ကျွန်တော်တို့ကတော့ ကိန်းဂဏန်းတွေထက် ကလေးတွေ ပညာရေးလက်လှမ်းမီဖို့အတွက် ဘယ်လို စာသင်ခန်းကိုပဲ ဖြစ်ဖြစ်ပို့ပေးတာကို ကြိုဆိုပါတယ်။ မိဘတွေအနေနဲ့လည်း ယုံကြည်ချက်နဲ့ အခြေခံအခွင့်အရေးကို နားလည်ထားဖို့လိုတယ်။ တခုတော့ရှိတာပေါ့ ကလေးက မတက်ချင်ဘူး ဒါက သူ့ကိုစိတ်ဒုက္ခ အကြီးကြီးပေးနေတယ်ဆိုရင်တော့ ဘာလုပ်သင့်လဲ ထပ်စဉ်းစားရမှာပေါ့ ” လို့ သူက ဝေခွဲပြပါတယ်။

ဒါနဲ့ပတ်သက်လို့ DNA ရဲ့ အမာခံသတင်းရင်းမြစ်ဖြစ်သူ CDM ဆရာမက ကလေးကျောင်းမတက်ချင်လို့ ကျောင်းကိုမပို့ရင် CDM ဖြစ်တဲ့သူ့အတွက် အန္တရာယ်ရှိနိုင်တာကြောင့် အခြေအနေကိုရှင်းပြပြီး ကျောင်းတက် ခိုင်းထားတယ်လို့ ဆိုပါတယ်။

ကျောင်းအပ်နူန်းတွေကတော့ လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေမှာလည်း တိုးလာနေပါတယ်။

စစ်ကောင်စီဟာ ဒီဒေသတွေထဲက စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်လေ့ရှိပြီး ကျောင်းတက်နေတဲ့ ကလေးငယ်တွေ အစုလိုက်သေဆုံးမှုတွေ ရှိနေပေမယ့် မိဘတွေနဲ့ ကလေးတွေဟာ ကျောင်းတက်ဖို့ကို စိတ်အားထက်သန်ကြတယ်လို့ ဆရာမ မအိက ပြောပါတယ်။

ဆရာမ မအိက စစ်ကိုင်းတိုင်းဒေသကြီး ပုလဲနယ်မှာ ပညာရေးလှုပ်ရှားမှုလုပ်နေသူပါ။

အရင်က စစ်ကြောင်းတွေကိုကြောက်လို့ ကျောင်းမပို့ကြတဲ့ ကလေးတွေနဲ့ စစ်ကောင်စီတပ်တွေရှိတဲ့နေရာမှာ နယ်မြေမတည်ငြိမ်လို့ သူတို့ဆီကို ကျောင်းလာထားကြတာတွေကြောင့်  ဒီနှစ်မှာ ၂၀ ရာခိုင်နူန်းဝန်းကျင် တိုးလာတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားနိုင်တဲ့နယ်မြေတွေက ကျောင်းတွေရဲ့အခြေအနေကို မသိပေမယ့် ရန်ကုန်ထဲက ကျောင်းတွေမှာ ကျောင်းသားတွေ တိုးလာတာကတော့ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေကို မပျော်ရွှင်စေဘူးလို့ ဆရာမ မစုကပြောပါတယ်။

“ မူလတန်းကလေးတွေကတော့ ဘာမှသေချာမသိတော့ ဆော့မယ်ပျော်မယ်ပေါ့။ အလယ်တန်း ကလေးတွေကျ အဆင်မပြေမှုတွေကို သိနေပြီလေ။ အထက်တန်းကျတော့ရော ကျောင်းပြီးရင် စစ်ထဲဝင်ရမလို ဖြစ်နေတာ မလား ” လို့ ဆရာမ က ပြောရင်း သက်ပြင်းရှည်ကြီးချလိုက်ပါတယ်။

ညနေ ၃ နာရီခွဲတော့မှာမို့ အခန်းထဲကကျောင်းသားတွေ လှုပ်လှုပ်ရွရွ ဖြစ်နေကြပါပြီ။

အခြေအနေ အကြောင်းကြောင်းတွေကြောင့် စစ်ကောင်စီလက်အောက်က ကျောင်းမှာတက်ရတာ မပျော်ရွှင်မှုတွေ ရှိနိုင်ပေမယ့် ဆရာမ မစုရဲ့ ဖုန်းစခရင်ထဲက မြင်နေရတဲ့ မြင်ကွင်းမှာတော့ ကလေးတွေဟာ အချင်းချင်း စနောက်ရင်း ပြေးလွှား ဆော့ကစားနေကြပါတယ်။

“ ဒေါင်….ဒေါင်…ဒေါင်…”

ကျောင်းဆင်းခေါင်းလောင်းထိုးပြီး မကြာခင်မှာတော့ နိုင်ငံတော်သီချင်းသံ ထွက်ပေါ်လာပါတော့တယ်။

“ တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ….တို့ပြေ…တို့မြေ…..”