ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်ပစ်ခတ်ကြောင်းပေါ်ပေါက်ပြီးနောက် အမျိုးသားရေးအုပ်စုများ နှုတ်ဆိတ်နေ

Photo -Social Media

ဇွန်၊ ၂၁

ပဲခူးမြို့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တာနဲ့ပတ်သက်လို့ ကနဦးမှာ မဘသ ဘုန်းကြီးတွေအ ပါအဝင် အမျိုးသားရေးအုပ်စု တွေကတော်လှန်ရေးအင်အားစု တွေကို ပြင်းပြင်းထန်ထန်အပြစ်တင်ခဲ့ပေမယ့် စစ် တပ်လက်ချက်လို့ ပေါ်ပေါက်လာတဲ့နောက်နှုတ်ဆိတ်နေကြပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယက(မဟန)အဖွဲ့ဝင်ဟောင်းဖြစ်သလို ရွှေကျင်ဂိုဏ်းဗဟိုအလုပ်အမှုဆောင်တွေလည်း ဖြစ်တဲ့ ဆရာတော်နှစ်ပါး လိုက်ပါခဲ့တဲ့ ကားဟာ ဇွန်လ ၁၉ရက်က ငါန်းဇွန်မြို့နယ်အတွင်း ပစ်ခတ်ခံရကာ ဝင်းနိမ္မိ တာရုံဆရာတော်ကတော့ ပျံလွန်တော်မူခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အခင်းဖြစ်အပြီး နှစ်ရက်အကြာ ဒီကနေ့ အထိ မဟနအဖွဲ့နဲ့ တွဲဘက်သာသနာပိုင်အဖြစ် သီတဂူဆရာတော် တာဝန်ယူထားတဲ့ ရွှေကျင်ဂိုဏ်း (ရွှေကျင်နိ ကာယ) တို့ဘက်ကလည်း တစုံတရာ ထုတ်ဖော် ပြောဆိုတာမျိုးမရှိသေးပါဘူး။

ဆရာတော်ပျံလွန်ခဲ့တာဟာ PDF တွေဘက်က ပစ်ခတ်တာကြောင့်လို့ စစ်ကောင်စီက အဲ့ဒီနေ့မှာပဲ သတင်း ထုတ် ပြန်ခဲ့သလို အမျိုးသားရေးအုပ်စုတွေနဲ့ စစ်ကောင်စီရဲ့ဝါဒဖြန့်လူမှုကွန်ရက်ချန်နယ်တွေကလည်း တော်လှန်ရေး အင်အား စုတွေနဲ့ NLD ပါတီတို့ကို ဘာသာရေးအရ ပြစ်တင်ဝေဖန်တိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မျိုးချစ်ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)က မနေ့က ထုတ်ပြန်ချက်တရပ်ထုတ်ပြန်ရာမှာ NLD ပါတီကတဆင့် ပေါ်ပေါက်လာတဲ့ NUG၊CRPH၊ PDF တို့ရဲ့လက်ချက်နဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာ တော်ပျံလွန်ခဲ့ရတယ်လို့ဖော်ပြခဲ့ပါတယ်။

“စာပေကျမ်းတတ်၊အကျော်မော်ဖြစ်သည့်အတွက် သာသနာအတွက် ဝင်းနိမ္မိတာရုံစာသင်တိုက်ကြီးအတွက် အ ကြီးမားဆုံးသော အစားထိုးမရသည့် ဆုံးရှုံးမှုကြီးဖြစ်ပါသည်”လို့ မျိုးချစ်ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)ရဲ့ထုတ် ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်နဲ့အတူလိုက်ပါခဲ့ပြီး ပစ်ခတ်မှုကိုကြုံတွေ့ခဲ့ရတဲ့ ကံသုံးဆင့်ဆရာတော်ကတော့ ပစ်ခတ် သူတွေဟာ “စစ်ဗိုလ်၊စစ်သားတွေ”လို့ မနေ့က ပဲခူးမြို့မှာ သံဃာတွေနဲ့ ဒကာ၊ဒကာမတွေကို ရှင်းလင်းမိန့်ကြား ခဲ့တဲ့နောက် အမျိုးသားရေးအုပ်စုတွေနှုတ်ဆိတ်နေကြတာဖြစ်ပါတယ်။

ကံသုံးဆင့်ဆရာတော်ရဲ့ အဲ့ဒီလူသိရှင်ကြားရှင်းလင်းချက်ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက အဖြစ်မှန်ကို ပြန်လည်စစ်ဆေးအရေးယူမယ်ဆိုပြီး ဒီကနေ့ထုတ်ပြန်လာသလို စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကလည်း ပစ် ခတ်မှုဟာ “မတော်တဆ”ဖြစ်ရပ်ဆိုပြီး ကာကွယ်ရေးသားနေကြပါတယ်။

“ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကနဦးသတင်းထုတ်ပြန်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်မှသတင်းပို့တင်ပြလာသည့် အ ချက်အလက်များ ကိုအခြေခံပြီးသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး”လို့ စစ်ကောင်စီက အောက်ခြေတပ်ဖွဲ့တွေကိုအ ပြစ်လွှဲချထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်း ပစ်ခတ်မှုအခြေအနေအမှန်ကို ထိပ်ပိုင်းခေါင်းဆောင်တွေမသိခဲ့ရဘဲ အောက်ခြေကတင်ပြမှုမှားယွင်းတာဖြစ်တယ်လို့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ရုပ်ကလာပ်အပူဇော်ခံရာကျောင်းတိုက်ကိုသွားရောက်ပြီး သံဃာတော်တွေကို ဖုံးဖိလျှောက်ထားခဲ့ပါသေးတယ်။

ကံသုံးဆင့်ဆရာတော်ရဲ့ ရှင်းလင်းမိန့်ကြားချက်ထွက်ပေါ်လာတဲ့နောက် စစ်ကောင်စီဘက်က အဲ့ဒီလို ဖြေရှင်းမှု တွေလုပ်နေပေမယ့် ဆရာတော်ကတော့ အခင်းဖြစ်တဲ့နေ့က ကိုးနာရီလောက်အထိ မန္တလေးနန်းတွင်းထဲမှာ စစ် ဆေးမေးမြန်းမှုတွေကြုံခဲ့ရပြီး ဖြစ်စဉ်အတိုင်းပြောခဲ့တယ်လို့ မိန့်ကြားထားပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖုန်းဆက်သွယ်ခွင့်မပေးခဲ့သလို အခင်းဖြစ်နေရာမှာ ပဲ ဒဏ်ရာနဲ့ နှစ်နာရီလောက်ကြာအောင်နေခဲ့ရပြီး “ဆွမ်းလည်း မဘုန်းခဲ့ရဘူး”လို့ဆရာတော်ကရှင်းလင်းမိန့်ကြား ခဲ့ပါတယ်။

နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်နေတဲ့ သံဃသမဂ္ဂ(မန္တလေး)ကတော့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ လက် ချက်ကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်ခဲ့ရတာနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

အဆင်ခြင်မဲ့ ပစ်ခတ်မှုတွေကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်ခဲ့ရတဲ့အပြင် စစ်ကောင်စီကလူထုကို လှည့်ဖြား ပြီး သတင်းအမှားထုတ်ပြန်ပြီး ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ကြိုးစားတာဟာ စက်ဆုပ်ဖွယ် ရာ လုပ်ရပ်ဖြစ်တယ်လို့လည်း သံဃသမဂ္ဂ(မန္တလေး)ကဝေဖန်ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ တပည့်သံဃာတွေစုပေါင်း ထုတ်ပြန်တဲ့ သီးခြား ထုတ်ပြန်ချက်တရပ်မှာတော့ သံဃာ တော်တွေအပါအဝင် တနိုင်ငံလုံးကပြည်သူတွေအပေါ် ပစ်ခတ်တိုက်ခိုက်တာ၊မြို့ရွာတွေကို မီးရှို့နေတာစတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ တနေ့တခြားပိုဆိုးလာနေတယ်လို့ ဆိုထားပါတယ်။

“စစ်အာဏာရှင်တို့ကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရသော ပြည်သူများအပေါ် မေတ္တာရှေ့ထားတော်မူပြီး ဆောင်ရွက် ဖွယ်ရာပရိကံဆောင်ခြင်းအမျိုးမျိုးကို တိနည်းတော်နဲ့အညီ ဆောင်ရွက်တောမူရန်အချိန်ကျရောက်လာပြီဖြစ် ကြောင်းလျှောက်ထားအပ်ပါသည်”လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ သံဃာထုကိုတိုက်တွန်းထားပါတယ်။ 

သီတဂူစတားလို့ လူသိများတဲ့ ဆရာတော် ဒေါက်တာကောဝိဒသီရိတော့ ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်စေခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ အဖြစ်အမှန်ကို တာဝန်ယူလိုစိတ်၊သူတော်ကောင်းစိတ်မွေးပြီး တောင်းပန်သင့်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဖော်ပြပါတယ်။

ဆယ်စုနှစ် ငါးခုလောက်အထိ စာချသက်တမ်းရှိပြီး တပည့်သံဃာထောင်ချီရှိတဲ့ ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန် စေခဲ့တဲ့ပစ်ခတ်မှု၊အဖြစ်မှန်နဲ့ လုံးဝကွဲပြားနေတဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုတွေနဲ့ပတ်သက်လို့ လက်ရှိ သံဃာထုကြားဝေဖန်မှုတွေမြင့်တက်နေပါတယ်။ 

ဒီအတောအတွင်း ဆရာတော်ရဲ့ ရုပ်ကလာပ် အပူဇော်ခံထားရှိရာ ပဲခူးမြို့က ကျောင်းတိုက်အတွင်း စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ အဲ့ဒီမှာရှိနေတဲ့သံဃာတွေက သတင်းဌာနတချို့ကိုပြောထားပါတယ်။

အလားတူ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တချို့ကလည်း မလိုအပ်တဲ့ ဆူပူအုံကြွမှုတွေမဖြစ်စေဖို့အတွက် ဝင်းနိမ္မိတာရုံကျောင်းတိုက် အတွင်းအပြင်မှာ နာမည်ဆိုးနဲ့လူသိများတဲ့ ပဲခူးမြို့အခြေစိုက် တပ်မ-၇၇ကတပ်ဖွဲ့ ဝင်တွေ ယာယီအခြေချတပ်စွဲထားတယ်လို့ ဖော်ပြကြပါတယ်။