စစ်တပ်နှိပ်စက်မှုကြောင့် ဗျိုင်းဖြူရွာသားအချို့ ထပ်မံသေဆုံး၊ ဒဏ်ရာပြင်းလို့ ဆေးရုံတက်ကုနေရသူဆယ်ချီရှိ

Photo  – Social Media

ဇွန်၊ ၂၁

စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးတွင်း ရိုက်နှက်နှိပ်စက်မှုတွေကြောင့် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသားနှစ်ဦး ထပ်မံသေဆုံးခဲ့ရပြီး အသက်မပြည့်သေးတဲ့ကလေးတွေအပါအ၀င် ဆယ်ချီဟာလည်း ဒဏ်ရာပြင်းတာကြောင့် ဆေးရုံတက်ကုသနေကြရတယ်လို့ မိသားစု၀င်တွေနဲ့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေပါမကျန် ဗျိုင်းဖြူတရွာလုံးမှ ပြည်သူတွေကို ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး သုံးရက်အတွင်း ၇၆ ဦးကို သတ်ဖြတ်ခဲ့ကာ လူငါးရာ၀န်းကျင်ကို ဆက်လက်ဖမ်းဆီး၊ စစ်ဆေးရိုက်နှက်မှုတွေ ဆက်လုပ်နေတာပါ။

အဲဒီထဲက အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်လက်ထဲမှာပဲ ထပ်မံသေဆုံးခဲ့ရပြီး မိသားစုအနေနဲ့ သဂြိုလ်ခွင့်ပင် မရခဲ့ကြဘူးလို့ ဆိုပါတယ်။

“(စစ်တပ်က) ရဲစခန်းကို အပ်ဖို့ ပို့တဲ့အခါ လမ်းမှာ သေသွားတာ နှစ်ယောက်ရှိတယ်၊ ဆေးရုံလည်း မရောက်လိုက်ဘူး၊ မိသားစုကိုလည်း မအပ်ဘူး၊ သေသွားတာကိုပဲ သိရတယ်၊ မျက်နှာအုပ်ပြီး အလောင်းယူသွားတယ်လို့ ပြောတယ်”လို့ အဲဒီအကြောင်းသိထားတဲ့ ဗျိုင်းဖြူရွာမှ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

အဲဒီရိုက်နှက်ဒဏ်ကြောင့် သေဆုံးသွားသူနှစ်ဦးထဲက တဦးဟာ ဗျိုင်းဖြူရွာအရှေ့ပိုင်းမှ တဦးဖြစ်ပြီး နောက်တဦးကတော့ ဗျိုင်းဖြူရွာကိုစစ်ရှောင်ဖို့ ရောက်နေသူဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

“သေသွားတာ ဘယ်သူ့ကိုမှလည်း အကြောင်းမကြားဘူးတဲ့၊ အလောင်းကို ကိုယ်တိုင်မြင်လိုက်တဲ့ တယောက် ပြောလို့ သိရတာ”လို့ အဆိုပါ ဗျိုင်းဖြူရွာမှ အမျိုးသမီးက ပြောပါတယ်။

အလားတူပဲ စစ်ကောင်စီတပ်ရဲ့ စစ် ကြောရေးအတွင်း သေဆုံးသွားရသူတွေ ထပ်မံ ရှိနေနိုင်သေးတယ်လို့လည်း ဗျိုင်းဖြူရွာသားတွေက ပြောကြပါတယ်။

ဒါ့အပြင် စစ်ကြောရေးအတွင်း ရိုက်နှက်၊ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံမှာ ဆေးရုံတက်ကုသနေရသူ သုံးဆယ်နီးပါး ရှိနေပြီး ပြင်ပဆေးခန်းတွေမှာ ပြသ၊ ဆေးသောက်နေရသူတွေဟာလည်း အပြားရှိနေတယ်လို့ ဆိုကြပါတယ်။

“ဒဏ်ရာ တော်တော်ပြင်းကြတယ်၊ ကျောကုန်းနဲ့ လက်တွေမှာ (ဒဏ်ရာ) များတယ်၊ တုတ်နဲ့ ရိုက်တာ၊ လက်ပြန်ကြိုးတုတ်ထားတဲ့အရာတွေလည်း မီးလောင်ထားသလို အကွင်းလိုက်ကြီး”လို့ ဗျိုင်းဖြူရွာခံ အမျိုးသမီးက ပြောပါတယ်။

ရိုက်နှက်ဒဏ်ရာကြောင့် ဆေးရုံတက်ကုသနေရသူတွေထဲ အသက်မပြည့်မသေးတဲ့ ဆယ်ကျော်သက်အရွယ်တွေ အများစု ပါ၀င်ပြီး ဆေးရုံကို မိသားစု၀င်တဦးသာ လာခွင့်ရှိကာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်တွေက အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ရွာသားတွေက ပြောကြပါတယ်။

“ကျောကုန်းတွေ အောင့်တယ်တဲ့၊ အခုထိ ဆေးခန်းပြနေရတယ်”လို့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး၊ ရိုက်နှက်မှုကို ခံခဲ့ရပြီး ပြန်လွှတ်လာတဲ့ ဖခင်ဖြစ်သူရဲ့ အခြေအနေကို ဗျိုင်းဖြူသားတဦးက ပြောပြပါတယ်။

ဗျိုင်းဖြူရွာသား ငါးရာ၀န်းကျင်ကို ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဟာ အခုချိန်ထိ လူတရာနီးပါးကိုသာ ပြန်လွှတ်ပေးသေးကာ စစ်ဆေးခံနေရဆဲ လေးရာ၀န်းကျင်လောက် ကျန်နေနိုင်သေးပြီး အချို့ကို ရဲလက်အပ်၊ အမှုဖွင့်ထားတယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဗျိုင်းဖြူရွာသား တရာနီးပါးကို ရဲလက်အပ်၊ အမှုဖွင့်ခိုင်းထားတယ်လို့ သိရပြီး မိသားစုနဲ့ တွေ့ခွင့်မပေးဘူးလို့ ဆိုကြပါတယ်။ ဘယ်ပုဒ်မတွေနဲ့ စွပ်စွဲ၊ အမှုဖွင့်ထားတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

“ကျွန်မအစ်ကိုတော့ ရဲစခန်းကို ရောက်ပြီလို့သိရတယ်၊ စစ်တပ်လက်ထဲမှာလည်း အများကြီးရှိသေးတယ်၊ တွေ့ခွင့်က မရဘူး၊ ပစ္စည်းပို့လို့ပဲ ရတယ်၊ လူချင်း မတွေ့ရဘူး”လို့ အစ်ကိုဖြစ်သူဖမ်းဆီးခံထားရတဲ့ ဗျိုင်းဖြူရွာမှ အမျိုးသမီး နောက်တဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဗျိုင်းဖြူရွာမှ အမျိုးသားတွေကို ဖမ်းဆီး၊ သတ်ဖြတ်တာတွေ လုပ်နေတဲ့အပြင် အမျိုးသမီးနဲ့ ကလေးငယ်တွေကိုလည်း ရွာမှာ နေခွင့်မပေးဘဲ မြို့တွင်း ပို့ဆောင်၊ ပိတ်လှောင်ထားပါတယ်။

ဗျိုင်းဖြူရွာအပြင် စစ်တွေမြို့အနီးပတ်လည်မှာရှိတဲ့ လူနေကျေးရွာ တဆယ်ကျော်မှ ပြည်သူတွေကိုလည်း ရွာမှာမနေဖို့၊ မြို့တွင်းသို့ ရွေ့ပြောင်းကြဖို့ ခြိမ်းခြောက် သတိပေးထားတယ်လို့ အဲဒီရွာသားတွေက ပြောကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြောင်းကမ်းနားတလျှောက်နဲ့ စစ်တွေမြို့ပတ်လည်မှာလည်း မြေမြှပ်မိုင်းတွေ ထောင်ထားပြီး လူအ၀င်အထွက်အားလုံးကို ပိတ်ထားပါတယ်။

“စစ်တွေလည်း အတိုက်ခံရတော့မှာဆိုတော့ လူတွေအကုန် မြို့ထဲသွင်းပြီး ဒိုင်းကာလုပ်ဖို့ကြံနေတာ၊ ရွာတွေမှာလည်း စခန်းချဖို့ ပြင်နေကြတယ်”လို့ စစ်တွေမြို့ထဲ ပိတ်မိနေတဲ့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်အတွင်းမှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမျိုးမရှိသေးဘဲ လူနေကျေးရွာတွေထဲ စစ်ကြောင်းထိုးကာ ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတာပါ။

ပြီးခဲ့တဲ့လတွေတုန်းကလည်း စစ်တွေမြို့အနီးပတ်လည် ကျေးရွာတွေဖြစ်တဲ့ ကျေးတော၊ ဝါဘို၊ တောကန်၊ ရဲရိုးပြင်၊ ချီလိုင်ဖင်းစတဲ့ရွာတွေကို စစ်ကြောင်းထိုးကာ ရွာသားအချို့ကို ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့နယ်ထက်၀က်ကျော်ကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ စစ်တွေအပါအ၀င် 

ကျန်မြို့နယ်အားလုံးရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သွားမယ်လို့ အကြိမ်ကြိမ်ထုတ်ပြန် အသိပေးထားပါတယ်။