ရခိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးရက်အတွင်း အရပ်သားဆယ်ဦးထက်မနည်း သေဆုံး

  Photo. APM/C

ဇွန်၊ ၂၁

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ သုံးရက်အတွင်း ကလေးသူငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရပ်သားဆယ်ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ၁၀ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ DNAကကောက်ယူခဲ့တဲ့အချက်အလက်တွေအရသိရပါတယ်။

ဇွန်လ ၂၀ရက်နေ့မှာအမ်းမြို့နယ်လသဲကမ်းထောင်းကျေးရွာကို စစ်တပ်လေကြောင်းကပစ်ခတ်ခဲ့လို့ အသက်၄နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် မိသားစု၃ဦးသေဆုံးခဲ့ပြီး တခြားဒေသခံ၂ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တဦးကပြောပါတယ်။

ဇွန်လ၁၉ရက်ကလည်း မြေပုံမြို့နယ်၊ တုတ်ချောင်းကျေးရွာကို  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲခဲ့အတွက်  အသက် ၁၀ နှစ် အရွယ် ကလေးတစ်ဦး အပါအဝင်  ၂ ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်မှာလည်း ဇွန်လ၁၈ရက်က စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ဟာဘီအနောက် ကျေးရွာမှ ရိုဟင်ဂျာ ၂ဦးသေဆုံးခဲ့ပြီး ကလေး၂ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဇွန်လ ၁၈ရက်မှာပဲတောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းကျေးရွာကို စစ်ကောင်စီလေတပ်က  ဗုံးလာကြဲလို့အမျိုးသမီး ၂ ဦးနဲ့  အမျိုးသား ၁ ဦးသေဆုံးခဲ့ရပါတယ်။

AA ရဲ့ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက မြိုနယ်ထက်၀က်ကျော်ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ သူတို့လက်လွှတ်ထားရတဲ့ မြို့ နယ်တွေအတွင်း အရပ်ဘက်နေရာတွေဖြစ်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံစတာတွေကို လေ ကြောင်းကနေ ပစ်ခတ်မှုတွေ မကြာခဏလုပ်နေတာပါ။

တကျော့ပြန်ရခိုင်တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့်  သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ AA ရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

“အရပ်သားပစ်မှန်စစ်ရေးပစ်မှတ်မခွဲတော့ဘူး ရမ်းသန်းလုပ်နေတာသူတိူ့ရှုံးမဲမဲနေတာကို သတိပြုကြဖို့လိုတယ်”လို့ ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးကမှတ်ချက်ပြုပါတယ်။