တပ်တွင်းပုန်ကန်မှု ဖြစ်နိုင်ခြေ ကောလာဟလတွေကို ဘာကီနာဖာဆို အာဏာသိမ်း စစ်ခေါင်းဆောင် ငြင်းဆို

ဇွန်၊ ၂၁

တပ်တွင်း ပုန်ကန်မှု ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဘာကီနာဖာဆို နိုင်ငံရဲ့ အာဏာသိမ်း စစ်တပ်ဟာ အခြေအနေကို အသည်းအသန် ထိန်းသိမ်းဖို့ ကြိုးစားနေရပါတယ်။ 

အာဖရိက ဒေသတွင်း နိုင်ငံဟာ ၂၀၂၂ ခုနှစ် ကတည်းက စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် ကျရောက်နေခဲ့တာပါ။ ဘာကီနာဖာဆို စစ်တပ်က အရပ်သား အစိုးရဟာ ပြည်တွင်း အကြမ်းဖက် အဖွဲ့အစည်းတွေ၊ စစ်သွေးကြွတွေကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်ဘူးလို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင်က ဘာကီနာဖာဆို စစ်စခန်း တခုကို တိုက်ခိုက်ခံရပြီး စစ်သား ၁၀၀ ကျော် သေဆုံးခဲ့တဲ့နောက် စစ်တပ်နဲ့ တခြားလုံခြုံရေး တပ်ဖွဲ့ဝင်တွေကြားမှာ မကျေနပ်မှုတွေ ဆူပွက်လာကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အကျိုးဆက်အဖြစ် တပ်တွင်း ပုန်ကန်မှုဆီ ဦးတည်လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေပါ ပျံ့နှံ့လာတာကြောင့် တော်ရုံ လူမြင်ကွင်း ထွက်လေ့မရှိတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ကြီး အီဘရာဟင် ထရာအိုယေးက အဲဒီသတင်းတွေ မမှန်ကြောင်း ရုပ်မြင်သံကြားကနေ ကမန်းကတမ်း ရှင်းချက်ထုတ်ခဲ့ရပါတယ်။

ထရာအိုယေး ကိုယ်တိုင်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး ပေါလ်ဟင်နရီ ဆန်ဒိုဂို ဒမ်ဘီရာဆီက ထပ်ဆင့် အာဏာသိမ်းထားသူ ဖြစ်ပါတယ်။

ဘာကီနာဖာဆိုဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ထိုးနှက် တိုက်ခိုက်မှုတွေကို ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က နိုက်ဂျားနိုင်ငံနဲ့ နယ်စပ်မှာရှိတဲ့ မန်ဆီလာမြို့က အစိုးရ စစ်စခန်း တခုကို ဗျူဟာမြောက် စီးနင်းတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက် ဖြစ်တယ်လို့ ဂျာမက်နူစ်ရက် အယ်လ်အစ္စလာမ် ဝယ်လ်မူစလီမင် (JNIM) အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး နောက်တနေ့မှာပဲ အစိုးရ ရုပ်မြင်သံကြား ဌာနနားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။

စစ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့် ကိစ္စတော်တော်များများမှာ နှုတ်ဆိတ်နေတဲ့ ဘာကီနာဖာဆို ပြည်သူတွေကတောင် အခုဖြစ်စဉ်တွေ အပြီးမှာတော့ အာဏာသိမ်း စစ်တပ်ဟာ လုံခြုံရေး ကဏ္ဍအတွက် အာမခံထားတဲ့အတိုင်း ကတိတည်အောင် မစွမ်းဆောင်နိုင်ဘူးလို့ ဝေဖန်လာကြပါတယ်။

တပ်ထဲမှာလည်း ခေါင်းဆောင်ပိုင်းတွေရဲ့ စီမံခန့်ခွဲမှုနဲ့ လုံခြုံရေး အစီအမံတွေအပေါ် မကျေနပ်မှုတွေ ရှိနေကြောင်း သတင်းတွေ ပျံ့နှံ့လာတဲ့နောက် ထရာအိုယေးက အသည်းအသန် ငြင်းချက်ထုတ်ခဲ့တာပါ။ သူက တပ်တွင်းပုန်ကန်မှု ဆိုတာ ရှိလာမှာ မဟုတ်ကြောင်း၊ တိုက်ခိုက်မှု ခံရတဲ့ စခန်းနဲ့ အနီးတဝိုက်ကို စစ်တပ်က ချက်ချင်း နယ်မြေ ရှင်းလင်းမှုတွေ လုပ်ဆောင်နိုင်ခဲ့သလို စစ်ကူတွေလည်း ပို့ဆောင်ပေးခဲ့ကြောင်း ပြောပါတယ်။ သူဟာ စစ်စခန်း တိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရခဲ့တဲ့ စစ်သည်တွေ အတွက်လည်း သွေးလှူပြခဲ့ပါသေးတယ်။

ဘာကီနာဖာဆိုမှာတော့ စစ်တပ်ရဲ့ စစ်ရေးစွမ်းရည် ညံ့ဖျင်းမှုတွေနဲ့ လုံခြုံရေး အစီအမံ အားနည်းချက်တွေဟာ ထိလွယ်ရှလွယ် ကိစ္စမျိုးတွေ ဖြစ်နေပါတယ်။ ထရာအိုယေး ကိုယ်တိုင်ကလည်း အရင်စစ်ခေါင်းဆောင် ဒမ်ဘီရာဟာ လုံခြုံရေး ကဏ္ဍကို နိုင်နိုင်နင်းနင်း ဦးဆောင်နိုင်စွမ်း မရှိဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်တွင်း စည်းရုံးမှုကို ရယူပြီး ထပ်ဆင့် အာဏာသိမ်းခဲ့တာပါ။ သူကိုယ်တိုင် စစ်အစိုးရကို ဦးဆောင်ခဲ့ချိန်ကစလို့ ထရာအိုယေးက စစ်သွေးကြွတွေကို အင်တိုက်အားတိုက် နှိမ်နင်းမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ တိုးတက်မှု လမ်းစတွေ မတွေ့ရသလို အခုလို အထိနာတဲ့ တိုက်ခိုက်မှုမျိုးနဲ့ပါ ကြုံခဲ့တာ ဖြစ်ပါတယ်။

Ref: BBC