ဇွန်၊ ၂၁
အိန္ဒိယ နိုင်ငံမှာ ချက်အရက်တွေသောက်ပြီး အဆိပ်သင့်ကြရာက လူပေါင်း ၃၀ ကျော်သေဆုံးပြီး ရာနဲ့ချီ ဆေးရုံရောက်ခဲ့ပါတယ်။
အိန္ဒိယ တောင်ပိုင်းက တမီလ်နာဒူမှာ အဆိပ်သင့် ချက်အရက်ကြောင့် လူတွေ အစုလိုက် သေကြေမှုတွေ ဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အခုသီတင်းပတ် အစောပိုင်းကစလို့ ဆေးရုံကို ချက်အရက် အဆိပ်သင့် လူနာတွေ တဖွဲဖွဲ ရောက်လာကြပြီး အသေအပျောက်က ၃၄ ဦးထက်မနည်း ရှိလာပါတယ်။
ကာလက်ကူရူချီ ရပ်ကွက်ထဲမှာ ဒေသခံတချို့ ချက်အရက် ဝယ်သောက်ပြီးတဲ့နောက် အပြင်းအထန် နာမကျန်းဖြစ်ပြီး ပြဿနာ စခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ လောလောဆယ်တော့ အဆိပ်အတောက်ပါတဲ့ ချက်အရက်တွေ ချက်လုပ်ရောင်းချသူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး နောက်ဆက်တွဲ အသေးစိတ် အချက်အလက်တွေကို ဆက်လက် စုံစမ်းနေပါတယ်။
ဒါ့အပြင် ဒေသတွင်းက ယစ်မျိုး အာဏာပိုင် တချို့နဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကလည်း တရားမဝင် ချက်အရက်တွေ ရောင်းချနေတာကို သိလျက်နဲ့ မျက်ကွယ်ပြုထားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အရ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံထားလိုက်ရပါတယ်။
ဆေးရုံတက်နေရသူတွေထဲမှာ အခြေအနေ စိုးရိမ်ရသူတွေ ရှိနေဆဲ ဖြစ်တာကြောင့် အသေအပျောက် ဒီထက် တိုးလာမှာကိုလည်း အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။
အိန္ဒိယမှာတော့ နှစ်စဉ် ချက်အရက် အဆိပ်သင့်လို့ သေဆုံးသူ ဒါဇင်ပေါင်း အတော်များများ ရှိတတ်ပါတယ်။ အဲဒီ အရက်တွေကို လမ်းဘေးနဲ့ တောစပ်တွေမှာ မသန့်ရှင်းတဲ့၊ ကျန်းမာရေး အာမခံချက် မရှိတဲ့ နည်းတွေနဲ့ ပါဝင်ပစ္စည်းတွေ အသုံးပြုပြီး ချက်လုပ်လေ့ ရှိပါတယ်။
အထူးသဖြင့် ချက်အရက်တွေမှာ စျေးပေါတဲ့ မက်သနောတွေ ရောစပ်တာမျိုးကနေ အရက်အဆိပ်သင့် သေဆုံးမှုတွေ ဖြစ်စေနိုင်ပါတယ်။ မက်သနောဟာ အရမ်းနည်းပါးတဲ့ ပမာဏမျိုး သောက်သုံးမိခဲ့ရင်တောင်မှ မျက်စိကန်းတာ၊ အသည်းပျက်စီးတာနဲ့ အသက်ဆုံးရှုံးတာတွေ ဖြစ်ပေါ်စေတတ်တဲ့ ဓာတုပစ္စည်းမျိုးလို့ ဆရာဝန်တွေက သတိပေးထားပါတယ်။
Ref: BBC