စစ်တပ်ပစ်ခတ်လို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တာလို့အတူလိုက်ပါခဲ့တဲ့ ကံသုံးဆင့်ဆရာတော် မိန့်ကြား

 
ဇွန် ၊ ၂၀
 
ပဲခူးမြို့က ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာန နာယကဆရာတော် အရှင် မုနိန္ဒာဘိဝံသ ကျည်ဆန်ထိမှန်ပြီး ပျံလွန်တော်မူခဲ့တာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ ကားပေါ်အတူပါလာတဲ့ ကံသုံးဆင့် ဆရာတော်က ဒီကနေ့ မိန့်ကြားပါတယ်။
 
“ဝိုင်းပြီးတော့ ဖောကားပေါ်ကနေ ပစ်လိုက်တာ ခုနစ်ချက်၊ ရှစ်ချက်လောက်ရှိပါတယ်၊ ဝင်းနိမ္မိတာရုံဆရာတော်ကတော့ တဘဝတခန္ဓာရုတ်သိမ်းသွားပါတယ်ဘုရား၊ ဘုရားတပည့်တော်ကတော့ ခေါင်းရယ်၊ ကားရဲ့မှန်စထိပါတယ်ဘုရား” လို့ ကံသုံးဆင့် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက ပျံလွန်သွားတဲ့ဆရာတော်ရဲ့တပည့်တွေအပါအဝင်
သံဃာတွေကိုမိန့်ကြားပါတယ်။
 
ကားပစ်ခတ်ခံရပြီးနောက် ကားပြင်ထွက်ကြည့်တော့ ဖောကားပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရကြောင်း ဆရာတော်က မိန့်ကြားပါတယ်။
 
“ရက်စက်လှချည်လားဆိုတော့ အရှင်ဘုရားတို့ကဘုရား ဘုန်းကြီးမှန်းမသိလို့ပါတဲ့၊ ကားတံခါးလည်းပိတ်ထားတော့ ရန်သူကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့၊ သူတို့ကိုယ်တိုင်ဝန်ခံပါတယ်” လို့လည်း ကံသုံးဆင့် ဆရာတော်က မိန့်ပါတယ်။
 
အခင်းဖြစ်အခြေအနေတွေနဲ့ပတ်သက်ပြီး ကန်သုံးဆင့်ဆရာတော်က ပဲခူးမြို့ပြန်ရောပ်ချိန်မှာ
ဝင်းနိမိတာရုံဆရာတော်ရဲ့ တပည့်သံဃာတွေ အပါအဝင် သံဃာတော်တွေကိုရှင်းလင်း မိန့်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီနေရာမှာရှိနေတဲ့ သံဃာတပါးကလူမှုကွန်ရက်မှာတိုက်ရိုက်လွှင့်တင်ဖော်ပြခဲ့ကြတာကြောင့်အများသိရှင်းလက်းချက်ဖြစ်လာပါတယ်။
 
ဒီတိုက်ရိုက်ထုတ်လွှင့်မှုရုပ်သံဖိုင်ကိုမူလ လွှင့်တက်တဲ့သံဃာတော်က မိနစ်ပိုင်းအကြာမှာပြန်ဖြုတ်ချခဲ့ပေမယ့် လက်ရှိ လူမှုကွန်ရက်ပလက်ဖောင်းမျိုးစုံ မှာပျံ့နှံ့နေပြီဖြစ်ပါတယ်။ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် အရှင် မုနိန္ဒာဘိဝံသဟာ မနေ့က မန္တလေးကိုခရီးသွားရင်း ငါန်းဇွန်မြို့နယ်အတွင်း ပစ်ခတ်ခံရပြီးပျံလွန်တော်မူခဲ့တာပါ။
 
စစ်ကောင်စီဘက်ကတော့ အဲဒီပစ်ခတ်မှုဟာ PDF တွေလက်ချက်လို့ ကြေညာခဲ့သလို ဆရာတော်ရဲ့ ကား ယာဥ်မောင်းဖြစ်သူကိုလည်း အဲဒီလို ထွက်ဆိုခိုင်းခဲ့ပါတယ်။ ယာဥ်မောင်းဖြစ်သူမှာတော့ လက်ကို ကျည်ဆန်ထိမှန်ပြီး လက်သုံးချောင်းပြတ်သွားတယ်လို့ သိရပါတယ်။
 
ဆရာတော် အရှင် မုနိန္ဒာဘိဝံသဟာ ပရိယတ္တိသာသနာရေးမှာ မှီငြမ်းအသုံးပြုသူများတဲ့ ရှင်းတမ်းကျမ်းတွေ အပါအဝင် ကျမ်းစာတွေရေးသားခဲ့သလို စာချသက်တမ်း ဆယ်စုနှစ်လေးခုကျော်လောက်ရှိတဲ့ ပါဠိပါရဂူဘွဲ့၊ တိပိဋကဘွဲ့ရ၊ နိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်တပါးလည်းဖြစ်ပါတယ်။
 
ဆရာတော်ဟာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်အဖြစ် ၂၀၁၁ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာပါ။
 
ပျံလွန်တော်မူချိန်မှာ သက်တော် ၇၈နှစ်၊သိက္ခာတော် ၅၇ဝါ ရှိပြီဖြစ်တဲ့ ဆရာတော် အရှင်မုနိန္ဒာဘိဝံသဟာ ယမကရှင်းတမ်း၊ရူပသိဒ္ဓိရှင်းတမ်း၊ဋီကာကျော်ရှင်းတမ်းစတဲ့ ပရိယတ္တိစာပေဆိုင်ရာ ရှင်းတမ်းတွေရေးသားခဲ့ တာကြောင့် ရှင်းတမ်းဆရာတော်လို့လည်းလူသိများပါတယ်။
 
ဆရာတော်ရဲ့ ရုပ်ကလာပ်ကိုတော့ ဒီနေ့ မနက်အစောပိုင်းမှာပဲ သီတင်းသုံးရာ ပဲခူးမြို့က ကျောင်းတိုက်ကို ပင့်​ဆောင်လာခဲ့ပြီးပြီလို့ သိရပါတယ်။
 
ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ အန္တိမစျာပနကို ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီးမှာ ၉ ရက်တာအပူဇော်ခံထားရှိမယ်လို့လည်းသိရပါတယ်။
 
Photo – Social Media