Photo Mro People FB (မောင်တောတိုက်ပွဲကြားပိတ်မိနေတဲ့မြိုလူမျိုးစစ်ဘေးရှောင်များ)
ဇွန်၊ ၂၀
မြို့သိမ်းနိုင်ဖို့ လက်တကမ်းသာလိုတော့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကို အာရက္ခတပ်တော်(AA)က စတင်တိုက်ခိုက်နေပြီး မြို့ထဲ ပိတ်မိနေသူတွေလည်း အများအပြားကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့နယ်အတွင်းက နောက်ဆုံးလက်ကျန်တပ်စခန်းတွေဖြစ်တဲ့ မြို့စောင့်တပ် နခခ(၅)မြို့သူကြီးနဲ့ နခခ(၂)လေးမိုင် နယ်ခြားစောင့်စခန်းတို့ကို AA က တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ကာ အပြင်းအထန်ခုခံနေတယ်လို့ ဆိုပါတယ်။
“မြို့နားမှာ ပွဲတွေ စနေပြီ၊ စစ်တပ်က လေယာဉ်နဲ့ နေ့တိုင်း လာပစ်တယ်၊ လေးရက်လောက် ဆက်တိုက်ရှိပြီ၊ မြို့ထဲကလူတွေလည်း ထွက်မရသေးဘူး”လို့ မောင်တောမြို့နယ်မှ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့အနီး၀န်းကျင်ရွာတွေမှ ရိုဟင်ဂျာတွေအပါအ၀င် ဒေသခံအရပ်သားတွေ သေဆုံး၊ ထိခိုက်မှု ရှိနေပြီး ဆယ်ဂဏန်းအထိ ရှိနိုင်တယ်လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် မောင်တောမြို့တွင်းနဲ့ မြို့နီး၀န်းကျင်ရွာတွေမှာ ပိတ်မိနေသူတွေလည်း အများအပြားရှိနေသေးပြီး စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ ဟန့်တားမှုကြောင့် တိမ်းရှောင်ဖို့ လမ်းမရှိဖြစ်နေတယ်လို့ ဆိုကြပါတယ်။
“မြို့ထဲမှာ အများကြီး ကျန်သေးတယ်၊ ကျနော့် မိသားစုတချို့လည်း ကျန်နေတယ်၊ ထွက်လမ်းက မရှိဘူး၊ သူတို့က ဓါးစာခံလုပ်ထားတာ၊ ထွက်ပေါက် ပိတ်ထားတယ်၊ မထွက်စေရဘူး” လို့ နောက် ထပ်မောင်တောဒေသခံတဦးက ပြောပါတယ်။
AA ကတော့ လက်ကျန်စခန်းတွေကို တိုက်ခိုက်တော့မှာမို့ ပြည်သူလူထုတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တာကြောင့် မောင်တောမြို့အတွင်းမှ အမြန်ဆုံးချက်ချင်းထွက်ခွာကြဖို့ မြို့သူမြို့သားတွေကို ပြီးခဲ့တဲ့ ၁၆ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။
“(မြို့ထဲက ပိတ်မိနေသူတွေနဲ့) အဆက်အသွယ်လည်း ရလိုက် မရလိုက်ဆိုတော့ စိတ်ပူတယ်၊ AA က သိမ်းရင် လမ်းတွေ ပွင့်လာမလားတော့ မသိဘူး” လို့ မိသားစု၀င်အချို့ မြို့ထဲ ပိတ်မိနေတဲ့ အထက်ပါမောင်တောဒေသခံ ပြောပါတယ်။
ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ ရခိုင်ပြည်နယ် မြို့နယ်ထက်၀က်ကျော်ကို သိမ်းပိုက်ထားတဲ့ AA ဟာ မောင်တောမြို့ကို ဆက်လက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး သံတွဲ၊ တောင်ကုတ်၊ အမ်းမြို့နယ်တို့မှာလည်း စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေပါတယ်။
AA ဟာ မောင်တောမြို့ပေါ်နဲ့ အနီး၀န်းကျင်က လက်ကျန်တပ်စခန်းတွေကို သိမ်းပိုက်ပြီးရင် မောင်တောမြို့ပေါ်နဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်တလျှောက်လုံးကိုပါ အပြည့်အ၀ ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။
ဒါ့အပြင် AA ဟာ ရခိုင်ပြည်နယ်အတွင်းက ကျန်မြို့နယ်အားလုံးရှိ စစ်ကောင်စီတပ်စခန်းတွေကိုလည်း တိုက်ခိုက်သွားမယ်လို့ တရား၀င်အသိပေးထုတ်ပြန်ထားပါတယ်။