စစ်ကောင်စီက တရုတ်နည်းပညာ၊ ကိရိယာတွေအကူအညီနဲ့ အင်တာနက်ထိန်းချုပ်၊ စောင့်ကြည့်မှုတွေ ပိုတိုးလုပ်လာ

Photo – ရွာပေါင်းစုံ သပိတ်စစ်ကြောင်း (ပုံစာ-စစ်ကိုင်းတိုင်းအတွင်း ဆန္ဒပြနေတဲ့သပိတ်အင်အားစုအဖွဲ့တခုကို ၂၀၂၂ခုှုစ်ကတွေ့ရစဥ်။)

ဇွန်၊ ၂၀

အာဏာသိမ်းစစ်ကောင်စီဟာ အခုနှစ်အတွင်း အင်တာနက်ဆင်တာဖြတ်တောက်မှုနဲ့ ခြေရာခံစောင့်ကြည့်မှုတွေ ပိုတိုးလုပ်လာပြီး တရုတ်နိုင်ငံရဲ့ နည်းပညာ၊ပစ္စည်းကိရိယာနဲ့ပံ့ပိုးကူညီမှုတွေကိုရယူအသုံးပြုနေတယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ဖော်လိုက်ပါတယ်။

“တရုတ်ကုမ္ပဏီတွေနဲ့သူတို့ရဲ့ မြန်မာခရိုနီအပေါင်းအပါတွေက စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာ ဖြတ်တောက်ရေးနည်းပညာတွေကိုတရားမဝင်စစ်အုပ်စုထံပေးအပ်နေပြီး ဒါကလူသန်းပေါင်းများစွာအပေါ်ထိခိုက် သက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်”လို့ Justice For Myanmarရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

အခုနှစ် မေလကုန်လောက်ကစလို့ စစ်ကောင်စီဟာ အင်တာနက်ကို ပိုမိုထိန်းချုပ်နိုင်ဖို့အတွက် ဝဘ်စောင့်ကြည့် ထောက်လှမ်းမှုနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်မှု စနစ်သစ်တခုကို စတင်အသုံးပြုလာပြီး ဒီစနစ်အရ အင် တာနက် အသုံးပြုလှုပ်ရှားမှုတွေကို ကြားဖြတ်ဖမ်းယူနိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင်အင်တာနက်ပေါ်က လျှို့ဝှက်ကုဒ်တွေကိုမူလအချက်အလက်တွေအတိုင်း ဖတ်ရှုနိုင်စေဖို့ ကုဒ်စနစ် ကို ဖယ်ရှားပေးတဲ့ စွမ်းဆောင်ရည်လည်းဒီစနစ်သစ်မှာရှိနေတယ်လို့ Justice For Myanmar က သူတို့ကြည့်ရှုခွင့် ရခဲ့တယ်ဆိုတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ကိုးကားပြီးအသိပေးထားပါတယ်။

စစ်အုပ်စုထပ်တိုးအသုံးပြုလာတဲ့ စနစ်သစ်ဟာ VPNတွေ အပါအဝင် အက်ပလီကေးရှင်းတွေနဲ့ ဝဘ်ဆိုဒ်တွေကို ပိတ်ပင်နိုင်စွမ်းရှိသလို VPN အသုံးပြုမှုတွေအပါအဝင် အင်တာနက်ပေါ်မှာ လူတဦးချင်းရဲ့ ကွန်ရက် အက်ပလီ ကေးရှင်းတွေ အသုံးပြုနေမှုကိုစောင့်ကြည့်ထောက်လှမ်းနိုင်စွမ်းလည်းရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်ရှိအသုံးပြုနေတဲ့ အင်တာနက်စောင့်ကြည့်ထိန်းချုပ်ဖြတ်တောက်မှုစနစ်ကနေ သုံးစွဲသူတွေရဲ့ စာတိုပေးပို့မှုတွေ၊အီးမေးလ်တွေနဲ့ အသုံးပြုသူရဲ့အသေးစိတ်အချက်အလက်တွေပါဝင်တဲ့ အချက်အလက်တွေကို ကြားဖြတ်ဖမ်းယူတာ၊စကားဝှက်ဖြည်တာနဲ့ခွဲခြမ်းစိတ်ဖြာတာတွေကိုလုပ်နိုင်စွမ်းရှိနေတာလို့လည်းရှင်းပြထားပါတယ်။

ဒါဟာလတ်တလောလပိုင်းတွေအတွင်း ပြည်တွင်းမှာ ကြုံနေရတဲ့ အများသိလက်တွေ့အခြေအနေ တချို့နဲ့လည်း ကိုက်ညီနေပါတယ်။အာဏာစသိမ်းချိန်ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို တွန်းအားပေး လှုံ့ဆော်နေတယ်ဆိုတဲ့ယူဆချက်နဲ့ စစ်ကောင်စီက လူသုံးများ လူမှုကွန်ရက်တခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

အဲ့ဒီအချိန်ကတည်းက ပြည်တွင်းနေ အင်တာနက်သုံးစွဲသူတွေဟာ ဖေ့စ်ဘွတ်ခ်အပါအဝင် ပိတ်ဆို့ခံထားရတဲ့ ဝဘ်ဆိုဒ်တချို့ကို VPN နဲ့မှအသုံးပြုလို့ ရတာမျိုး တွေရှိလာခဲ့တာပါ။

ဒါပေမယ့် လတ်တလောလပိုင်းအတွင်းမှာ တော့ စစ်ကောင်စီက VPNတွေကိုပါ ပိတ်ဆို့ဖြတ်တောက်မှုတွေ လုပ် လာတာကြောင့် ပြည်တွင်းနေသူတွေအခက်တွေ့နေကြရပြီး VPN သုံးစွဲရင် ထောင်ဒဏ်ချနိုင်တဲ့ ဥပဒေ ပြဌာန်း မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီက အဲ့ဒီဥပဒေကို အမှန်တကယ်ပြဌာန်းလိုက်တာမျိုးတော့မရှိသေးပေမယ့် စစ် ကောင်စီလက်အောက်ခံ ရဲနဲ့စစ်တပ်အပါအဝင် အာဏာပိုင်တွေက ဖုန်းတွေကိုစစ်ဆေးပြီး VPN သုံးစွဲတာတွေ့ရင် ခြိမ်းခြောက်ငွေညှစ်တာမျိုးတွေဒေသအနှံ့အပြားမှာရှိနေပါတယ်။

ဒီလိုဖြစ်စဉ်ပေါ်ပေါက်မလာမီကတည်းက မြန်မာနိုင်ငံ ဒေသအများအပြားမှာ စစ်ကောင်စီက အင်တာနက်တွေ ဖြတ်တောက်ခဲ့တာကြောင့် နိုင်ငံတကာ လေ့လာစောင့်ကြည့်မှုညွှန်းကိန်းတွေအရ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ ပြီးရင် အင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံတွေထဲပါဝင်နေခဲ့တာပါ။

Justice For Myanmarကတော့ စစ်ကောင်စီကအခုလို အင်တာနက်စောင့်ကြည့်ထိန်းချုပ်ဖြတ်တောက်မှုတွေပို တိုးလုပ်လာတာကြောင့် နောက်ထပ် မတရားဖမ်းဆီးမှုတွေ ရှိလာနိုင်တယ်လို့သတိပေးထားပါတယ်။

“အာဏာသိမ်းကြိုးပမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသူတွေကိုရှာဖွေနှိမ်နင်းဖို့ကြိုးပမ်းနေချိန်မှာ ဒီတရုတ် နည်း ပညာသစ်တွေက စစ်အုပ်စုရဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုထပ်ဆင့် ကူညီပံ့ပိုးပေးမှာ ဖြစ်ပါတယ်”လို့ မရတနာမောင်ကထောက်ပြပါတယ်။

ဒီလိုစနစ်တွေကို စစ်ကောင်စီအသုံးပြုနိုင်ဖို့အတွက် တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ အနည်း ဆုံးနှစ်ခုနဲ့ ပြည်တွင်းက ခရိုနီတွေပိုင်ဆိုင်တွေကုမ္ပဏီတချို့က ပါဝင်ပတ်သက်ကူညီပေးနေကြတယ်လို့လည်း Justice For Myanmar မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

နိုင်ငံတကာ အစိုးရတွေအနေနဲ့ အဲ့ဒီကုမ္ပဏီတွေကိုပိတ်ဆို့ဖြတ်တောက်မှုတွေလုပ်ပေးဖို့လည်း Justice For Myanmarက မနေ့ကထုတ်ပြန်တောင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့အင်တာနက်ဖြတ်တောက်ရေးစီမံကိန်းတွေအတွက် တရုတ်ကုမ္ပဏီ Geedge Networks ရဲ့ထုတ်ကုတ်နှစ်ခုကိုသုံးစွဲနေပြီး အဲ့ဒီပစ္စည်းတွေကို Jizhi(Hainan)Information Technology Company lImited ကရောင်းချပေးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီတခုဖြစ်တဲ့ China National Electronics Import and Export Coporation (CEIEC)ဟာလည်း စစ်အုပ်စုလက်အောက်ခံ ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် တည်နေရာခြေရာခံစနစ် အကောင်အထည်ဖော်ရေး အဆိုပြုရာမှာဆက်နွှယ်မှုရှိနေတယ်လို့ Justice For Myanmarက အသိပေး ဖော် ပြပါတယ်။