ပူတင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ် စတင်

ဇွန်၊ ၁၉

ပြုံယမ်းမြို့တော် ခရီးစဉ် အတောအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိမ်ရှင် နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ 

ပူတင်ဟာ ဇွန်လ ၁၉ ရက်နေ့ မနက်အစောပိုင်းက မြောက်ကိုရီးယား နိုင်ငံရဲ့ မြို့တော်ဆီ လေကြောင်းကနေ ဆိုက်ရောက်လာခဲ့တာပါ။ သူ့ကို ကင်က လေဆိပ်မှာ ကိုယ်တိုင် ခရီးဦးကြို ပြုခဲ့သလို ကော်ဇောနီ ခင်းပြီး တခမ်းတနား ကြိုဆိုခဲ့တာကို တွေ့ရပါတယ်။

ပူတင်ဟာ မြောက်ကိုရီးယားကို ၂၄ နှစ် အကြာမှာ တကျော့ပြန် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ လုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို နောက်ဆုံးအဆင့် ဆွေးနွေးပြီး သဘောတူ စာချုပ်တွေ လက်မှတ် ရေးထိုးကြဖွယ် ရှိပါတယ်။

ပူတင်ရဲ့ ၂ ရက်ကြာ ခရီးစဉ်ဟာ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေး ကဏ္ဍမှာ သမိုင်းအသစ်တခု ဖွင့်လှစ်ခြင်းလည်း ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ရည်ညွှန်းခဲ့ပါတယ်။

ပူတင်ဟာ ပြုံယမ်းကို မနက်အရုဏ်မတက်ခင် ဆိုက်ရောက်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကင်နဲ့အတူ ပြုံယမ်းရဲ့ ကင်ဂျုံအီလ် ရင်ပြင်ဆီ သွားရောက်ပြီး ဂုဏ်ပြုခံ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အမေရိကန်က ရုရှားနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး နီးစပ်လာခြင်းနဲ့အတူ ယူကရိန်း စစ်ပွဲမှာ ရုရှားလိုအပ်နေတဲ့ စစ်လက်နက်တွေကို မြောက်ကိုရီးယားက ထောက်ပံ့လာနိုင်တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားထားပါတယ်။ ဒါပေမဲ့ ရုရှားရော၊ မြောက်ကိုရီးယားကပါ ဘယ်လို လက်နက် အရောင်းအဝယ် သဘောတူညီမှုမှ မရှိကြောင်း ငြင်းဆိုထားပါတယ်။

ပူတင်ရဲ့ ပြုံယမ်းခရီးစဉ်မှာ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်၊ ကာကွယ်ရေးဝန်ကြီး အန်ဒရီ ဘီလူဆော့ဗ်နဲ့ ဒုတိယ ဝန်ကြီးချုပ် ဒင်းနစ် မာထရူရော့ဗ်တို့ အပါအဝင် အစိုးရထိပ်တန်း အရာရှိ တချို့လည်း လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

Ref: AP