မောင်တောမြို့ခံပြည်သူတွေမြို့တွင်းကအမြန်ဆုံးထွက်ခွာဖို့ AA အသိပေး 

Photo – Google

ဇွန်၊ ၁၆

ရခိုင်ပြည်နယ် မောင်တောမြို့တွင်းနဲ့ မြို့အနီးဝန်းကျင်ကလက်ကျန် စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တော့မှာဖြစ်လို့ မြို့တွင်းကပြည်သူတွေ ဒီကနေ့ညကိုးနာရီကစပြီး အမြန်ဆုံးထွက်ခွာကြဖို့ အာရက္ခတပ်တော်AA ကအသိပေးကြေညာပါတယ်။

” မောင်တောဒေသခံပြည်သူလူထုတို့၏အသက်အန္တရာယ်ကိုစိုးရိမ်သောကြောင့်” လို့ ပြည်သူတွေမြို့တွင်းကထွက်ခွာဖို့ အသိပေးတဲ့ AAရဲ့ကြေညာ ချက်မှာဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာမောင်တောမြို့ကို သူတို့ရဲ့ စစ်စခန်းတွေသဖွယ် အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးပြုလုပ်ဖို့ ကာလအတန်ကြာကြိုတင်ပြင်တင်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီက ခုခံတိုက်ခိုက်ဖို့ပြင်ဆင်ထားတဲ့လမ်း၊ အိမ်စတဲ့နေရာတွေ၊ စနိုက်ပါပစ်ဖို့ပြင်ဆင်ထားတဲ့ တိုက်တာအဆောက်အအုံတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာနေရာတွေမှာ မောင်တောမြို့ခံတွေ မနေကြဖို့လည်းသတိပေးထားပါတယ်။

ရခိုင့်တပ်တော် AA ဟာ အခုလပထမပတ်မှာမောင်တောမြို့နယ်တောင်ပိုင်းကစစ်ကောင်စီစခန်းခြောက်ခု၊ ဒုတိယပတ်အရောက်မှာ စစ်ကောင်စီရဲ့ အရေးပါတဲ့မောရဝတီဗျူဟာစခန်း၊ အမှတ် ၄နယ် ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ)တပ်ရင်းဌာနချုပ်၊နခေါင်းတိုစခန်းနဲ့ အလယ်သံကျော်စခန်းတို့ကိုထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိမောင်တော တမြို့နယ်လုံးမှာ စစ်ကောင်စီဘက်က လေးမိုင်နခခ(၂) နဲ့ မြို့သူကြီးရပ် ကွက်က မြို့စောင့်တပ် နခခ(၅)တို့သာကျန်ရှိတော့တာပါ။

“မောင်တောကသိပ်မကြာတော့ဘူး တပ်တော်ကသိမ်းတော့မှာ စကစဖက်က ယဲ့ယဲ့ပဲကျန်တော့တာ”လို့ ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးကDNA ကိုပြောထားပါတယ်။