AA ထိုးစစ် မြှင့်တင်နေတဲ့ မြို့သုံးမြို့

Photo – AA Info Desk

ဇွန်၊ ၁၅

အာရက္ခတပ်တော် (AA)က ရခိုင်ပြည်နယ်ရှိမြို့၃ခုကို အဓိကထိုးစစ်ဆင်နေပြီး စစ်ကောင်စီဖက်က လေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေပါတယ်။

ရခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံးမြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး

မြို့မောင်တော ၊   အနောက်ပိုင်းတိုင်း စစ်ဌာချုပ် အခြေစိုက်အမ်းမြို့နဲ့  နာမည်ကျော်ခရီးသွားဒေသ ငပလီကမ်းခြေတည်ရှိရာ သံတွဲမြို့နယ်တို့ကို လတ်တလောမှာ AAကအပြင်းအထန်ထိုးစစ်ဆင်နေတာပါ။

အချက်အခြာကျတဲ့နယ်စပ်ကုန်သွယ်ရေးမြို့မောင်တောအခြေအနေ

အခုလပထမပတ်အတွင်း မောင်တောမြို့နယ်တောင်ပိုင်းကစစ်ကောင်စီစခန်း ခြောက်ခုကိုAAကသိမ်း ပိုက်နိုင်ခဲ့ပါတယ်။အဲဒီနောက်အခုလ ဒုတိယပတ်အရောက်မှာ စစ်ကောင်စီရဲ့ အရေးပါတဲ့မောရဝတီဗျူဟာစခန်း၊အမှတ် ၄နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ)တပ်ရင်းဌာနချုပ်၊နခေါင်းတိုစခန်းနဲ့အလယ်သံကျော်စခန်းတို့ကိုထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

ဒါကြောင့်မလို့မောင်တောတမြို့နယ်လုံးမှာစစ်ကောင်စီဖက်ကလေးမိုင်နခခ(၂) နဲ့ မြို့သူကြီးရပ်ကွက်က မြို့စောင့်တပ် နခခ(၅)တို့သာကျန်ရှိတော့တာပါ။ဒီလက်ကျန်စခန်း၂ခုကိုရရှိရင်တော့AAကမောင်တောဒေသတခုလုံးကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။အဲဒီစခန်းတွေကိုလည်းAAဖက်က အပြင်းအထန်ထိုးစစ်ဆင်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

“မောင်တောကသိပ်မကြာတော့ဘူး တပ်တော်ကသိမ်းတော့မှာ စကစဖက်ကယဲ့ယဲ့ပဲကျန်တော့တာ”လို့ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးကပြောပါတယ်။

 ဘူးသီးတောင် မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ AA အနေနဲ့ မောင်တောကိုထပ်ပြီးထိန်းချုပ်နိုင်မယ်ဆိုရင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတခုလုံးကိုပါထိန်းချုပ်နိုင်တော့မှာပါ။

နာမည်ကျော်ခရီးသွားဒေသသံတွဲ

နာမည်ကျော်ငပလီကမ်းခြေတည်ရှိတဲ့ ရခိုင်ပြည်တောင်ပိုင်းသံတွဲမြို့ကို AAကထိုးစစ်ဆင်နေပြီး မြို့ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီဖက်မှာခလရ (၅၅)၊ ခမရ (၅၆၆) နဲ့အမြောက်တပ်တွေဖြစ်တဲ့ အမတ (၃၇၅)၊ အမတ (၃၄၆)တို့ရှိပါတယ်။

မဇင်လေယာဉ်ကွင်းအနီးရှိ စစ်ကောင်စီရဲ့ကာကင်းစခန်းတွေကိုလည်း AAကတရပ်စပ်တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်က ရေတပ်၊လေတပ်နဲ့လက်နက်ကြီးပစ်ကူနေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကဆိုပါတယ်။

“တိုက်ပွဲတွေကမြို့နားနဲ့ငပလီဝန်းကျင်မှာဖြစ်နေတာစကစဖက်ကတော့အသည်းအသည်ခုခံနေရတယ် ငပလီလိုနေရာမျိုးကျသွားရင်သူတို့အရှက်ကွဲမှာကို” လို့သတင်းရင်းမြစ်ကမှတ်ချက်ပြုပါတယ်။

ဒါ့အပြင်သံတွဲမြို့နဲ့မိုင် ၄၀ ကျော်အကွာမှာတည်ရှိတဲ့ တောင်ကုတ်မြို့ကိုလည်း AAကပိတ်ဆို့ထားပြီး မကြာခင်ထိုးစစ်ဆင်မယ်လို့လည်းခန့်မှန်းထားကြပါတယ်။ အမှတ်၅စစ်ဆင်ရေးကွပ်ကွဲမူဌာနချုပ်(စကခ၅)တည်ရှိတဲ့ တောင်ကုတ်မြို့မှာ AAထိုးစစ်ဆင်မယ့်သတင်းကြောင့် စစ်ကောင်စီဖက်က အင်အားဖြည့်တာတွေပြုလုပ်နေပြီးခံစစ်ပြင်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကဆိုပါတယ်။ သံတွဲနဲ့တောင်ကုတ်ကိုသာ AAသိမ်းပိုက်နိုင်မယ်ဆိုရင်တော့ ရခိုင်တောင်ပိုင်းမှာ ဧရာဝတီတိုင်းအစပ်ကဂွမြို့သာကျန်ရှိတော့မှာပါ။

နပခအခြေစိုက်အမ်းမြို့

စစ်ကောင်စီရဲ့ အနောက်ပိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိတဲ့အမ်းမြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။

အမ်းမြို့အနောက်ဘက် မိုင် ၂၀ လောက်အကွာမှာရှိပြီး စစ်ကောင်စီရဲ့အရေးပါတဲ့ တပ်စခန်းတခုဖြစ်တဲ့တောဟိန်းတောင်ဗျူဟာကို AAကထိုးစစ်ဆင်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ဒါ့အပြင် မောင်တောမြို့ကိုသိမ်းပိုက်နိုင်ပြီးရင်တော့ AAအနေနဲ့ နပခအခြေစိုက်အမ်းမြို့ကို ထိုးစစ်မြင့်တင်လာနိုင်တယ်လို့လည်းသုံးသပ်ကြပါတယ်။

“မောင်တော၊သံတွဲ၊တောင်ကုတ်ပေါ့ပြီးရင်အမ်းအစဥ်လိုက်သိမ်းမယ်လို့သုံးသပ်ပါတယ်”လို့ဒေသတွင်းစစ်ရေးစောင့်ကြည်သူတဦးကခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲ ၇ လတာအတွင်း ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့နယ်နဲ့ရခိုင်ပြည်နယ် မြို့နယ် ၉ ခုကိုAAက သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့မြို့နယ်တွေကို အလုံးစုံသိမ်းပိုက်သွားမယ်လို့အသိပေးထားပါတယ်။