ကဝမြို့နယ်ကျေးရွာတချို့စစ်မှုထမ်းဥပဒေအကြောင်းပြပြီးခြိမ်းခြောက်ငွေတောင်းခံနေရ

Photo – စစ်ကောင်စီ (စစ်မှုထမ်းဥပဒေအရ စုဆောင်းခံနေရသူတွေကိုသင်တန်းပေးနေတဲ့စစ်သင်တန်းတခု)

ဇွန်၊ ၁၅

ပဲခူးတိုင်း၊ကဝမြို့နယ်က ကျေးရွာတချို့မှာ စစ်မှုမထမ်းရဖို့အတွက်အိမ်တိုင်းစေ့ပိုက်ဆံပေးနေရပြီး မပေးတဲ့ရွာကို ပေါ်တာဝင်ဆွဲမယ်ဆိုပြီးစစ်တပ်ကခြိမ်းခြောက်​ငွေတောင်းမှုလုပ်နေတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။

အဲဒီကျေးရွာတွေအနေနဲ့ ပြီးခဲ့တဲ့လကစပြီး တအိမ်ကိုအနည်းဆုံး ၁၅၀၀၀ ကျပ်ပေးကြရပြီး ထပ်တိုးပေးသွင်းဖို့ အကြပ်ကိုင်လာတာရှိတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

“နောက်လအတွက်ကို တအိမ်နှစ်သောင်းပေးရမယ်လို့ပြောတယ်၊ရွာကသူတွေလည်း စိတ်တိုနေကြပြီ၊ ပထမဖြစ်ချင်ရာဖြစ်မပေးဘူးလို့ ပြောကြသေးတယ်၊မပေးရင် ပေါ်တာဝင်ဆွဲမယ်ဆိုပြီးခြိမ်း ခြောက်တော့တွေဝေကုန်တာပေါ့”လို့ကဝမြို့နယ်အရှေ့ခြမ်း စစ်တောင်းမြစ်ကမ်းပေါ်မှာရှိတဲ့ မိလောက်ရွာမှာနေထိုင်သူတဦးကပြောပါတယ်။

အဲဒီလို ငွေတောင်းခံတာတွေမလုပ်ခင် စစ်တပ်ကကျေးရွာတွေအထိရောက်လာပြီးအင်အားပြ ခြောက်လှန့်မှု​တွေလုပ်ခဲ့ကြသေးတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

စစ်တပ်က တရွာကိုတလ သိန်း ၅၀နီးပါးပေးသွင်းဖို့ သတ်မှတ်တောင်းဆိုထားတာဖြစ်ပြီး အိမ်ထောင်စုနည်းတဲ့ရွာတွေမှာနေထိုင်သူတွေအနေနဲ့အချိုးကျထည့်ဝင်ရတဲ့ငွေပမာဏ ပိုများတယ်လို့လည်း ကဝမြို့ခံတဦးကဆိုပါတယ်။

“တချို့မပေးဘဲတင်းခံနေတဲ့ရွာတွေရှိတယ်လို့လည်းကြားတယ်၊ပထမအလွယ်ပေးတဲ့ရွာတွေကိုကျတော့ရတယ်ဆိုပြီးထပ်ပြီး တိုးကောက်ခိုင်းတာမျိုးတွေဖြစ်နေတာ”လို့ သူကပြောပါတယ်။

အဲဒီဒေသ ရွာတွေက လူငယ်အများစုနိုင်ငံခြားမှာသွားရောက်အလုပ်လုပ်ကိုင်နေတာကြောင့် သက် ကြီးပိုင်းတွေနဲ့ကလေးငယ်တွေလောက်သာ ကျန်ခဲ့ကြတာလို့ဒေသခံတွေကဆိုပါတယ်။

ဒါပေမယ့် စစ်တပ်က သက်ကြီးပိုင်းတွေကိုလည်း စစ်မှုထမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်မှုတွေလုပ်နေတာကြောင့် ဒေသခံတွေကြားစိုးရိမ်ထိတ်လန့်နေကြရတယ်လို့ဆိုပါတယ်။

စစ်​ကောင်စီကပြည်သူ့စစ်မှုထမ်းဥပဒေကို အခုနှစ်ဖေဖော်ဝါရီ ၁၀ရက်မှာ အသက်သွင်းလိုက်ပြီးနောက်နိုင်ငံတဝန်းစစ်မူထမ်းဖို့အတင်းအကျပ်ဖိ အားပေးစုဆောင်းခံရသူတွေရှိနေသလို အဲ့ဒီကိစ္စကိုအကြောင်းပြုပြီးငွေညှစ်မှုတွေလည်းရှိနေတာပါ။