ကျိုက်မရောထောင်က နိုင်/ကျဥ်းတွေအပါအဝင် အကျဥ်းသား ၁၆၀ လောက်ကို ရုတ်တရက်ထောင်ပြောင်း

Photo. Social Media

ဇွန်၊ ၁၅

အစာငတ်ခံ ဆန္ဒပြမှုတွေပြုလုပ်ထားတဲ့ မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်က နိုင်/ကျဥ်းတွေအပါအဝင် အကျဥ်းသူ/သား ၁၆၀ လောက်ကို ကြိုတင်အသိမပေးဘဲ ထောင်ပြောင်းရွှေ့ဖို့ဆိုကာ ဒီကနေ့ ဇွန်လ ၁၅ ရက်၊ မနက်အစောပိုင်းမှာ ခေါ်ထုတ်သွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကပြောပါတယ်။

“အစာငတ်ခံဆန္ဒပြခဲ့တဲ့ကိစ္စတွေ၊ ဖိနှိပ်ခံအကျဥ်းသားတွေဘက်က ရပ်တည်ခဲ့တဲ့ကိစ္စတွေပေါ့၊ အဲဒါတွေမှာ ပါဝင်ခဲ့တဲ့ခေါင်းဆောင်ပိုင်းတွေကို အဓိက ရွေးထုတ်သွားတယ်ပြောလို့ရတယ်” လို့ PPNM တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုက်သိုက်ထွန်းဦးက DNA ကို ပြောပါတယ်။ 

အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မနက်အစောပိုင်း နှစ်နာရီလောက်ကစလို့ အကျဥ်းထောင်အိပ်ဆောင်တွေမှာ နာမည်စာရင်းနဲ့တကွ လာရောက်ခေါ်ထုတ်သွားပြီး နှစ်ယောက်တတွဲ သံခြေချင်းခတ်သွားတယ်လို့လည်း ဆိုပါတယ်။ 

ခေါ်ထုတ်သွားခံရတဲ့သူတွေထဲ အမျိုးသားအကျဥ်းသား တရာဝန်းကျင်နဲ့ အမျိုးသမီး ခြောက်ဆယ်ဝန်းကျင်ပါပြီး အများစုက နိုင်ငံရေးအကျဥ်းသားတွေလို့ဆိုပေမယ့် အရေအတွက်တော့ အတိအကျမသိရသေးပါဘူး။ 

ကျိုက်မရောအကျဥ်းထောင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က အမြင့်ပေ နှစ်ဆယ်ကျော်ရှိတဲ့ အုတ်ရိုးပေါ်မှာ သွပ်ပြားတက်ကာရာကနေ ပြုတ်ကျတဲ့ အကျဥ်းသားတဦးကို ဆေးရုံပို့ပေးဖို့နှောင့်နှေးနေလို့ နိုင်/ကျဥ်းတွေ အဓိက ဦးဆောင်ပြီး ဆေးရုံအမြန်ပို့ပေးဖို့ အော်ဟစ်တောင်းဆိုမှုဖြစ်ခဲ့ပါတယ်။ 

အလားတူ ကျိုက်မရောအကျဥ်းထောင်မှာ အကျဥ်းသားတွေအပေါ် ဖိနှိပ်မှုတွေရှိလို့ နိုင်/ကျဥ်း ၄၇ ဦးက ဦးဆောင်ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ လေးရက်ခန့်အကြာ အစာငတ်ခံဆန္ဒပြခဲ့ကြပါသေးတယ်။ 

“အခုပြောင်းရွှေ့မှုက ထောင်ကျပ်တဲ့အပေါ်မှာ မမူတည်ဘဲနဲ့ ရည်ရွယ်ချက်ရှိရှိကိုမှ မိသားစုနဲ့ အဝေးဆုံးထောင်တွေကို ပြောင်းရွှေ့လိုက်တာ” လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတော့ အခုပြောင်းရွှေ့မှုကို မွန်ပြည်နယ်အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မျိုးအောင်က အဓိကကြိုးကိုင် လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ 

အခုလို ပြောင်းရွှေ့ခံရတဲ့သူတွေကိုတော့ ရန်ကုန်မြို့၊ အင်းစိန်ထောင်ကနေတဆင့် သာယာဝတီထောင်နဲ့ ဒိုက်ဦးထောင်တွေဆီ ပို့ဆောင်မယ်လို့ အကျဉ်းဦးစီအရာရှိတွေဆီကနေ ကနဦး သိထားရတယ်လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။ 

ကျိုက်မရောအကျဥ်းထောင်ဟာ ကရင်ပြည်နယ်၊ ဘားအံအကျဥ်းထောင်နဲ့ မွန်ပြည်နယ်၊ မော်လမြိုင်အကျဥ်းထောင်တို့ကနေ နိုင်ငံရေးအကျဥ်းသားတွေကို ပြောင်းရွှေ့ပို့ဆောင်ထားလေ့ရှိတယ် ထောင်ကြီးတခုဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တနင်္သာရီတိုင်း၊ မြိတ်အကျဥ်းထောင်ကနေ အကျဥ်းသား နှစ်ရောက်လောက်ကို ကော့သောင်းအကျဥ်းထောင်ဆီ အစုလိုက် ပြောင်းရွှေ့ဖူးပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကတော့ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်ကနေ ထောင်ပြောင်းရွှေ့ဖို့ဆိုကာ ခေါ်ထုတ်သွားခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၇ ဦးထဲက ခြောက်ဦးထက်မနည်း ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီသေဆုံးမှုတွေအပေါ် စစ်ကောင်စီဘက်ကတော့ ထောင်ပြောင်းရွှေ့ဖို့ ခေါ်လာစဥ် ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာကနေ ကျည်ဆန်ထိမှန်သေဆုံးခဲ့တာလို့ အကြောင်းပြပါတယ်။ 

ကျိုက်မရောထောင်ကနေ အခုလို ခေါ်ထုတ်သွားခံရတဲ့ အကျဥ်းသားတွေလည်း မိသားစုနဲ့ အဆက်အသွယ်မရသေးဘဲ သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ 

“မိသားစုလည်းမသိ၊ ဘယ်သူမှလည်းမသိဘဲ ခိုးကြောင်ခိုးဝှက် ပြောင်းတာဖြစ်တဲ့အတွက် ကျနော်တို့ ပိုပြီးစိတ်ပူတယ်၊ လမ်းခရီးမှာ အကြောင်းပြချက်တခုခုပေးပြီး သတ်ပစ်လိုက်လည်း အခုကာလမှာ ပြောရုံလောက်ပဲတတ်နိုင်တဲ့အခြေအနေ” လို့လည်း ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။