နို့မှုန့်အတု တင်သွင်းမှုနဲ့ ပတ်သက်ပြီး မြန်မာတွေ အပါအဝင် ခြောက်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဇွန်၊ ၁၅

နို့မှုန့်အတုတွေ ခိုးသွင်းတဲ့ ကွန်ရက်တခုကို ဖော်ထုတ် အရေးယူရာမှာ မြန်မာရွှေ့ပြောင်းလုပ်သား တချို့ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ 

အခုသီတင်းပတ်ထဲမှာ ထိုင်းရဲတွေက ဆာမွတ် ပရာခန်မှာရှိတဲ့ ကုန်လှောင်ရုံ တခုကို စီးနင်းပြီး ဘတ် ၁၈ သန်း တန်ဖိုးရှိတဲ့ နို့မှုန့်အတုတွေကို သိမ်းဆည်းခဲ့ပါတယ်။ အဲဒီ မစ်ရှင်မှာ တံဆိပ် အမျိုးပေါင်း ၄၁ ခု အတုပြုလုပ်ထားတဲ့ နို့မှုန့်သံဘူး ၂၀၀၀၀ ကျော်ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ နို့မှုန့်တွေကို ဗီယက်နမ်ကနေ တင်သွင်းလာတာဖြစ်ပြီး ကုန်လှောင်ရုံထဲမှာ တခြား အစားအသောက် တံဆိပ်တွေ အတုပြုလုပ်ထားတာကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်း အစားအသောက်နဲ့ ဆေးဝါး စီမံကွပ်ကဲမှု အဖွဲ့က စျေးကွက်ထဲမှာ နို့မှုန့်အတုတွေ တွေ့ရှိနေရကြောင်း တိုင်ကြားမှုတွေကို လက်ခံရရှိပြီးတဲ့နောက် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးခဲ့တာပါ။ နို့မှုန့် အတုတွေထဲမှာ စျေးအရမ်းကြီးတဲ့ အမေရိကန်နဲ့ နယူးဇီလန်ထုတ် အမှတ်တံဆိပ်တွေကိုပါ သိမ်းဆည်း ရမိခဲ့ပါတယ်။

ကုန်လှောင်ရုံထဲမှာ နို့မှုန့်ဘူးတွေအပြင် ဗီတာမင် ဆေးဝါးတွေနဲ့ တခြား ကုန်စည်တွေကိုပါ အတုပြုလုပ်နေတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ရဲတွေက ကုန်လှောင်ရုံမှာ ပစ္စည်းအတု ထုပ်ပိုးမှုတွေ တာဝန်ယူ လုပ်ဆောင်နေတဲ့ မြန်မာနဲ့ လာအို ရွှေ့ပြောင်းလုပ်သား ၆ ဦးကို ဖမ်းဆီးပြီး ကုန်ပစ္စည်းအတု စျေးကွက်ဖြန့် ရောင်းချမှုနဲ့ စွဲချက်တင်ထားပါတယ်။

နို့မှုန့်ဘူး အတုတွေဟာ စျေးကွက်ထဲ ရောက်သွားရင် ဘတ် ၁၁၀၀ နဲ့ ၁၂၀၀ ကြားလောက် စျေးနှုန်းမျိုးနဲ့ ရောင်းချလေ့ ရှိတယ်လို့ ရဲတွေက ဆိုပါတယ်။ နို့မှုန့်အတုတွေက လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်မှု ဖြစ်စေသလား ဆိုတာနဲ့ ပတ်သက်ပြီး ဓာတ်ခွဲ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

Ref: Bangkok Post