ပူတာအိုကို ကုန်ကားတချို့ရောက်လာပေမယ့် ကုန်စျေးနှုန်းမကျသေး

Photo – Google

ဇွန် ၊ ၁၄ 

ကုန်စည်ပြတ်လပ်မှုကြုံနေရတာ သုံးလလောက် ရှိပြီဖြစ်တဲ့ ကချင်ပြည်နယ်၊ ပူတာအိုမြို့ကို ပြီး ခဲ့တဲ့ရက်ပိုင်းက  မြစ်ကြီးနားကနေကုန် ကားငယ် တချို့ ရောက်လာပေမယ့် ဒေသတွင်းအဆ မတန် မြင့်တက်နေတဲ့ကုန်စျေးနှုန်းကိုတော့သက်ရောက်မှုမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

“လောလောဆယ်တော့ မသက်သာသေးဘူး၊ နည်း နည်းလေးပဲဝင်လာတယ် ပစ္စည်းက၊ တရွာစာ တောင်မရှိဘူး၊ ဒီရက်ပိုင်းထဲ ထပ်ဝင်လာမှာပဲ ကုန် စျေးနှုန်းကျမယ်ထင်တယ်” လို့ ပူတာအိုမြို့ခံတဦးက ပြောပါတယ်။ 

လူမှုကွန်ရက်ပေါ်ရောက်လာတဲ့ရုပ်သံဗွီဒီယိုတခုမှာတော့ ကုန်ပစ္စည်းတွေ အပြည့်တင်ဆောင်လာတဲ့ အိမ်စီးကားငါးစီးနဲ့ ခရီးသည်ကားငယ်တစီး ပူတာ အိုမြို့ထဲကို ဝင်လာတာတွေ့ရပြီး ဒေသခံတွေက ဝမ်းသာအားရကြိုဆိုနေကြပါတယ်။  

“ကားအသေးတွေပဲ ရောက်လာတာ၊ ကားအကြီး တွေ မဝင်လာသေးဘူး” လို့အထက်ပါ ပူတာအိုမြို့ခံ က DNA ကို ပြောပါတယ်။ 

စစ်ကောင်စီတပ်ကိုကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့လောက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေ တာကြောင့် ပူတာအို-မြစ်ကြီးနား ကားလမ်းသွား လာလို့မရတာ သုံးလကျော် ရှိနေပါပြီ။

အဲဒါကြောင့် ပူတာအိုနဲ့ အနီးနားရှိ နောင်မွန်း ဘက်မှာ ဆန်၊ စားသုံးဆီ၊ ဆားအပါအဝင် အခြေခံ စားသောက်ကုန်တွေနဲ့ စက်သုံးဆီတွေ ပြတ်လပ်ပြီး လက်ကျန်ပစ္စည်းတွေလည်း စျေးနှုန်းအဆမတန်မြင့်တက်နေတာပါ။ 

ပူတာအိုမြို့မှာဆိုရင် ဒေသထွက် ဆန်ကြမ်းတပြည်ကို တသောင်းခွဲဝန်းကျင်၊ ကြက်ဥတလုံး တထောင်ကျော်၊ စားသုံးဆီ တလီတာတဗူးကို သုံးသောင်းဝန်းကျင်နဲ့ စက်သုံးဆီ တလီတာတဗူးကို ရှစ်သောင်းဝန်းကျင်အထိပေးဝယ်နေရပြီး အလွယ်တကူလည်း ဝယ်လို့မရဘူးလို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ ဆန်နဲ့ စက်သုံးဆီတွေလည်း လုံးဝဝင်ရောက်လာတာမရှိသေးဘဲ နောက်အပတ်လောက်မှပဲ ရောက်လာနိုင်တယ်လို့ ပူတာအိုမြို့ခံကခန့်မှန်းပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ မြစ်ကြီးနား-ပူတာအို ကားလမ်းတလျှောက် တိုက်ပွဲတွေငြိမ်နေတာကြောင့် လတ်တလော ဖြတ်သန်းသွားလာလို့ရတဲ့ အနေအထားရှိတယ်လို့ ပြောပါတယ်။

“အခုတော့ တိုက်ပွဲမရှိတဲ့အခါကျတော့ သွားလာလို့ရပါပြီ၊ ကားတွေလည်း ဖြတ်နေကြပြီလို့ကြားရပါတယ်၊ လောလောဆယ်ကတော့ အဲဘက်တိုက်ပွဲမရှိဘူး” လို့ ဗိုလ်မှူးကြီး နော်ဘူက DNA ကို ပြောပါတယ်။ 

ပူတာအို-မြစ်ကြီးနား ကားလမ်းပေါ်က ဆွမ်ပရာဘွမ်မြို့ကို ရှေ့လ မေ ၅ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လကုန်ပိုင်းအထိ ကားလမ်းပေါ်က ဆွမ်ပီယမ်ရွာနား တိုက်ပွဲတွေ ဆက်တိုက်ရှိခဲ့တာပါ။ 

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့ မြောက်ဘက် မိုင်နှစ်ရာကျော်အကွာမှာရှိတဲ့ ပူတာအိုမြို့ဟာ အရင်ကတည်းက ကုန်းလမ်းဆက်သွယ်ရေးအခက်အခဲရှိတဲ့ ဒေသတခုဖြစ်ပြီး လေကြောင်းကိုပဲ အဓိကအားထားကြရပါတယ်။