သုံးနှစ်ကျော်အတွင်း ကက်ပီတို အဆောက်အအုံဆီ ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့တဲ့ ထရမ့်

ဇွန် ၊ ၁၄

သူ့ကို အားပေး ထောက်ခံသူတွေ မင်းမဲ့စရိုက်ဆန်ဆန် စီးနင်းတာကို ခံခဲ့ရဖူးတဲ့ အမေရိကန် လွှတ်တော် အဆောက်အအုံ ကက်ပီတိုဆီကို ဒေါ်နယ်လ်ထရမ့်က အလည်အပတ် ရောက်ရှိလာခဲ့ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က သူ့ရဲ့ အမာခံ လက်ယာစွန်းဝါဒီ အားပေး ထောက်ခံသူတွေက ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ ကက်ပီတိုကို စီးနင်းခဲ့တဲ့ ကသောင်းကနင်း ဖြစ်ရပ်အပြီး ပထမဆုံးအကြိမ် သမိုင်းဝင် အဆောက်အအုံဆီ ထရမ့်က ပြန်လည် ခြေချခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက လက်ရှိ အာဏာရ သမ္မတဖြစ်တဲ့ ထရမ့်က ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့တဲ့အပေါ် မကျေနပ်သူတွေက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ ကက်ပီတိုကို စီးနင်းပြီး ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ဖို့ ကြိုးစားခဲ့ကြတာပါ။

ထရမ့်ကတော့ အဲဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ သူ့ရဲ့ လှုံ့ဆော်မှုတွေ ပါဝင်ကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဘိုင်ဒန်နဲ့ မကျေပွဲ ထပ်နွှဲမယ့် ထရမ့်ဟာ ဇွန်လ ၁၃ ရက်နေ့တုန်းက သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေနဲ့ တွေ့ဆုံဖို့အတွက် ကက်ပီတိုကို ပြန်လည် ရောက်ရှိလာခဲ့တာပါ။ ဒါဟာ ပါတီတွင်းက အမြင်ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ပြီး နိုင်ငံရေး ရည်မှန်းချက်အတွက် တသားတည်း အတူရှိနိုင်တယ် ဆိုတာကို သက်သေပြတဲ့ လုပ်ဆောင်ချက် တခုလို့ ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။

သူက ကက်ပီတိုကို ရောက်ရှိလာချိန် ဆန့်ကျင်ရေး အင်အားစု တချို့က စောင့်ကြိုပြီး ဆန္ဒပြနေခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆန္ဒပြသူတွေက ထရမ့်ရဲ့ ဘက်တော်သားတွေ ကက်ပီတိုကို စီးနင်း ထိန်းချုပ်ခဲ့တဲ့ လုပ်ရပ်ကို အာဏာသိမ်းဖို့ အားထုတ်မှုလို့ စွပ်စွဲထားတဲ့ စာတန်းတွေ ကိုင်ဆောင်လာပါတယ်။

ထရမ့်ဟာ ကက်ပီတိုကအပြန် ညနေပိုင်းမှာတော့ စီးပွားရေး လုပ်ငန်းရှင် အယောက် ၂၀၀ လောက်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

ကက်ပီတို ခရီးစဉ်အပြန် သတင်းစာ ရှင်းလင်းပွဲမှာတော့ သူက ရီပတ်ဘလစ်ကန် ပါတီဟာ စည်းလုံးမှု အားအကောင်းဆုံးအဖြစ် ရှိနေပြီး မိတ်ဖက် နိုင်ငံရေးသမားတွေနဲ့ လက်တွဲ ရပ်တည်မယ်လို့ ထရမ့်က ပြောကြားသွားပါတယ်။

ထရမ့်ဟာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို မဖြေခဲ့သလို လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ ကက်ပီတို အဆောက်အအုံ စီးနင်းခံရမှုနဲ့ ပတ်သက်လို့လည်း ထည့်သွင်း မှတ်ချက်ပေးသွားတာမျိုး မရှိကြောင်း သိရပါတယ်။

Ref: BBC