ရုရှားဆီ လက်နက် မရောင်းဘူးဆိုတဲ့ ကတိကို ရှီကျင့်ဖျင်ဆီကနေ ရရှိထားတယ်လို့ ဇီလန်စကီးဆို

ဇွန် ၊ ၁၄

ရုရှားဆီ လက်နက် လုံးဝ မရောင်းပါဘူးဆိုတဲ့ ကတိကို တရုတ် သမ္မတ ရှီကျင့်ဖျင်ဆီကနေ ရရှိထားတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့တုန်းက G7 ညီလာခံကို အီတလီမှာ တက်ရောက်ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့အတူ သတင်းစာ ရှင်းလင်းပွဲ လုပ်ချိန်မှာ အဲဒီအကြောင်းကို ထုတ်ပြောခဲ့တာပါ။ ဒါပေမဲ့ သူနဲ့ ရှီတို့ ဘယ်အချိန်တုန်းက အခုလို ကတိစကား ထားခဲ့တယ် ဆိုတာကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

သူဟာ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်နဲ့ အကျေအလည် ဆွေးနွေးခဲ့ကြောင်း၊ တရုတ်က ရုရှားဆီ ဘယ်စစ်လက်နက် အမျိုးအစားကိုမှ မရောင်းဘူးလို့ ရှီက အခိုင်အမာ ကတိပေးခဲ့ကြောင်း၊ ရှီက ဒီလို ကတိမျိုးကို တည်တဲ့ လေးစားလောက်စရာ ပုဂ္ဂိုလ် ဟုတ်မဟုတ် ဆိုတာကိုတော့ စောင့်ကြည့်ရုံသာ ရှိကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ဘိုင်ဒန်ကတော့ တရုတ်ဟာ ရုရှားဆီ စစ်လက်နက်တွေ တိုက်ရိုက် ရောင်းချ ထောက်ပံ့တာမျိုး မဟုတ်ရင်တောင်မှ ရုရှားကိုယ်တိုင် စစ်လက်နက်တွေ ထုတ်လုပ်နိုင်မယ့် ကုန်ကြမ်းတွေကိုတော့ ပို့ဆောင်ပေးနေပြီး ရုရှားကို တနည်းတဖုံ ပံ့ပိုးနေတယ်လို့ ဖြည့်စွက် ပြောကြားသွားပါတယ်။

ဇီလန်စကီးကတော့ ယူကရိန်းနဲ့ ရုရှားတို့ဟာ ဆွေးနွေးမှုတွေကနေတဆင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိစေဖို့ တူညီတဲ့ စိတ်ကူးအမြင် ရှိနေကြောင်း၊ တကယ်လို့ တရုတ်ဖက်မှာ ကွဲပြားတဲ့ အမြင်မျိုး ရှိရင်လည်း ယူကရိန်းက လက်ခံနိုင်လောက်မယ့် အပြောင်းအလဲ ဖော်မြူလာကို စဉ်းစားမှာဖြစ်ကြောင်း ဆက်ပြောပါတယ်။

အခုလကုန်ပိုင်းမှာ ဆွစ်ဇာလန် နိုင်ငံဟာ ရုရှား-ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးအတွက် နိုင်ငံတကာ ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး အစည်းအဝေးတခု ကျင်းပဖို့ လျာထားသလို ဇီလန်စကီးကလည်း အဲဒီ အစည်းအဝေးအတွက် လိုက်လံ စည်းရုံးနေပါတယ်။

ဇီလန်စကီးနဲ့ ရှီတို့ကြား နောက်ဆုံးအကြိမ် တရားဝင် ဖုန်းဆက်ဆွေးနွေးမှုကို ထုတ်ပြန်ခဲ့တာဟာ မနှစ်က ဧပြီလတုန်းကပါ။ ဒါဟာ ရုရှားရဲ့ ကျူးကျော်စစ် ကာလတလျှောက် သူတို့နှစ်ဦးကြား တခုတည်းသော လူသိရှင်ကြား ဖုန်းဆက် ဆွေးနွေးမှုလည်း ဖြစ်ခဲ့ပါတယ်။

Ref: CNA