တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အဝင်လမ်းတချို့ကို စစ်ကောင်စီ ထပ်မံဖြတ်တောက်

ဇွန် ၊ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ဝင်တဲ့ လမ်းပေါ်က နေရာသုံးနေရာမှာ စစ်ကောင်စီတပ်က ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့မှာ မြောင်းဖော်ပြီး လမ်း ကြောင်းဖြတ်တောက်ထားတယ်လို့ တအာင်းတပ် (PSLF/TNLA)က သတင်းထုတ်ပြန်ပါတယ်။

လားရှိုးမြို့နဲ့ အရှေ့ဘက် မိုင်းယော်တိုက်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်က မန်နားရွာ၊ ကောင်းဟုန်းရွာနဲ့ နမ့်ဖရွာတွေမှာ ကားလမ်းပိုင်းကို စစ်ကောင်စီက ဘူဒိုဇာနဲ့ မြေသားတွေ တူးထုတ် ပစ် လိုက်ပြီး ကားလမ်းကို ဖြတ်တောက်လိုက်တာလို့ ဆို ပါတယ်။

စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၂ ရက်၊ မနေ့ကလည်း လာရှိုးမြို့နဲ့ မိုင်လေးဆယ်ခန့်အကွာ သီပေါမြို့ကို TNLA ထိန်းချုပ်ထားရာ နမ္မတူ၊ နမ့်ဆန်မြို့တွေ ကနေ ဝင်ရောက်နိုင်တဲ့ ကားလမ်းပေါ်က လမ်းပိုင်းတခုကိုလည်း အခုလိုပဲ ဖြတ်တောက်ခဲ့ပါသေးတယ်။

TNLA ဘက်ကတော့ စစ်ကောင်စီဟာ လားရှိုးမြို့ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်လို့ အခုလို လမ်းကြောင်းတွေကို ကြိုတင်ဖြတ်တောက်တာလို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်ကြောင့် အရပ်သားပြည်သူတွေသာ ထိခိုက်နစ်နာရပြီး သွားလာရေးခက်ခဲတာ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ရပ်တန့်တာတွေ ကြုံနေရတယ်လို့ TNLA က ဆိုပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးနဲ့ အနီးအနားမြို့တွေဖြစ်တဲ့ သီပေါ၊ ကျောက်မဲမြို့တွေဟာ TNLA၊ MNDAAနဲ့ AA တို့ရဲ့ နှစ်လခွဲလောက်ကြာတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်မခံရဘဲ ကျန်နေခဲ့တဲ့မြို့တွေဖြစ်ပါတယ်။

မူဆယ်မြို့ တမြို့ကလွဲလို့ လားရှိုးမြို့ရဲ့ အရှေ့မြောက်ဘက် မိုင်သုံးဆယ်ခန့်အကွာ သိန္နီမြို့ကစပြီး မြောက်ဘက်နဲ့ အရှေ့ဘက်ခြမ်း မြို့တွေကို TNLA နဲ့ ကိုးကန့်တပ်(MNDAA)တို့က ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတာပါ။

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုအရ စစ်ကောင်စီတပ်နဲ့ TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ အပစ်ရပ်သဘောတူညီမှုရခဲ့ပေမယ့် အခုရက်ပိုင်းအတွင်းမှာတော့ နှစ်ဖက်စစ်ရေးပြန်လည်တင်းမာလာနေပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့တွေကတော့ အပစ်ရပ်သဘောတူညီမှုပါ လိုက်နာရမယ့်အချက်တွေကို စစ်ကောင်စီဘက်က အကြိမ်ကြိမ်ချိုးဖောက်နေတယ်လို့ ထုတ်ပြောထားပြီး သည်းခံနိုင်တဲ့ ပမာဏာကျော်လာရင်တော့ တုံ့ပြန်သွားမယ်လို့ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း DNA ကို ပြောထားပါတယ်။

Photos Credit – Social Media