မောင်တောဒေသကို AAထိန်းချုပ်နိုင်ရန် လက်တကမ်းသာလို

Photo-AA Info Desk

ဇွန်၊ ၁၃

မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် စခန်းတွေထဲကတခုဖြစ်တဲ့အလယ်သံကျော် နယ်ခြားစောင့်တပ်စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။

 ဇွန်လ ၉ ရက်မှစလို့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတဲ့ အလယ်သံကျော်တပ်စခန်းကို AAက မနေ့ကညပိုင်းမှာသိမ်းပိုက်လိုက်နိုင်တာလို့ သတင်းရင်းမြစ်ကဆိုပါတယ်။

“စခန်းတော့ရပီ လေကြောင်းကလာပစ်နေတာတော့ရှိသေးတယ်ပြောပါတယ် နယ်မြေကိုတပ်တော်ဖက်ကရှင်းလင်းနေတယ်လို့သိရတယ်”လို့သူကပြောပါတယ်

စခန်းသိမ်းတိုက်ပွဲနဲ့ပတ်သတ်လို့ AAဖက်ကထုတ်ပြန်ထားတာမရှိသေးသလို အသေးစိတ်အခြေအနေကို DNAကဆက်လက်စုံစမ်းနေပါတယ်။

အလယ်သံကျော်စခန်းလက်လွတ်လိုက်ရလို့မောင်တောမြို့နယ်မှာစစ်ကောင်စီရဲ့ လေးမိုင်ရှိနယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၂)၊ မြို့သူကြီးရပ်ကွက်ရှိနခခ (၅) နဲ့နားခေါင်းတိုစခန်းတို့သာ ကျန်ရှိတော့တာပါ။

မောင်တောမြို့နယ်မြောက်ပိုင်းနယ်စပ်တလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ထားတဲ့ AA ဟာ မြို့နယ်တောင်ပိုင်း အငူမော် – မောင်တောကားလမ်းပေါ်ရှိ အင်အားရာချီရှိ အထိုင်ချနယ်ခြားစောင့်တပ်ဖွဲ့ခွဲတွေကို အခုလဆန်းပိုင်းမှာ ထပ်မံသိမ်းပိုက်ရရှိခဲ့ပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်အတွင်းက နောက်ဆုံးလက်ကျန်တပ်စခန်းတွေဖြစ်တဲ့ မောရ၀တီဗျူဟာ၊ အလယ်သံကျော်၊နားခေါင်းတိုနဲ့ မြို့စောင့်စခန်း နခခ(၅) တို့ကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။

မောင်တောရှိ လက်ကျန်စခန်းများကိုလည်း စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေနဲ့အသက်ဘေးမှကင်းဝေးလိုပါက အမြန်ဆုံးလက်နက်ချရန် AA က သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးခုနဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နိုင်ငံတို့နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်၀မြို့ နယ်တို့ကို သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ AA ဟာ မောင်တောမြို့နယ်က လက်ကျန်စခန်းတွေကိုသိမ်းပိုက်ပြီးရင်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်တလျှောက်လုံးကို  အပြည့်အ၀ ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ အမ်းမြို့နယ်တို့မှာလည်း AA က ထိုးစစ်တွေ လုပ်နေပြီး ပြည်နယ်မြို့တော် စစ်တွေ၊ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူအပါအ၀င် ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့နယ်တွေအားလုံးကို ဆက်လက်သိမ်းပိုက်ဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။